မြန်မာနိုင်ငံသည် ကျောက်မျက်ရတနာများ၊ ဓာတ်သတ္တုများ၊ ရေနံနှင့် သဘာ၀ဓာတ်ငွေ့များပါဝင်သည့် သဘာဝ သယံဇာတများ ကြွယ်ဝသည်။ ထိုသယံဇာတများကို စီးပွားဖြစ်ထုတ်ယူသော လုပ်ငန်းများအား တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများဟု ခေါ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကျောက်စိမ်းထုတ်လုပ်မှုနှင့် တင်ပို့မှု အများဆုံးနိုင်ငံဖြစ်သည်။ ရေနံတင်ပို့မှုတွင် ဦးဆုံးတင်ပို့ခဲ့သည့် နိုင်ငံများ တွင် ပါဝင်ပြီး သဘာဝဓာတ်ငွေ့အများဆုံးတင်ပို့နေသည့်နိုင်ငံများအနက်လည်း ဒသမမြောက် ဖြစ်သည်။ ထို့အပြင် ကြေးနီ၊ သံဖြူ၊ အဖြိုက်နက်နှင့် သွပ် ကဲ့သို့သော ဓာတ်သတ္တုထုတ်လုပ်မှု များလည်းရှိသည်။ ၁
တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်း၏ အရေးပါမှု
တရားဝင်စာရင်းအင်းအရ တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများသည် စုစုပေါင်း ပြည် တွင်းထုတ်ကုန်တန်ဖိုးတွင် ၆ ရာခိုင်နှုန်း၊ တိုင်းပြည်ဝင်ငွေ၏ ၂၃.၆ ရာခိုင်နှုန်းဖြစ်ပြီး တင်ပို့မှုအားလုံး၏ ၃၈.၅ ရာခိုင်နှုန်း ဖြစ်သည်။ အခြားအရင်းအမြစ်များ၏ အချက်အလက်များအရ နိုင်ငံစီးပွားရေးအပေါ် ဤကဏ္ဍ၏ အဓိကသက်ရောက်မှုကို ဖော်ပြထားခြင်းမရှိနိုင်ကြောင်း လေ့လာတွေ့ရှိရသည်။ သာဓကအားဖြင့် တရုတ် နိုင်ငံက ဖော်ပြထားသော ၂၀၁၄ ခုနှစ်၊ မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာ တင်သွင်းမှု တစ်ခုတည်းကပင် မြန်မာနိုင်ငံ၏ တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများမှ တင်ပို့မှုစုစုပေါင်းတန်ဖိုးထက် ပိုနေ သည်။ ၂
တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန်ခွင့်ပြုထားမှုမှာ နည်း သော်လည်း လုပ်သားအင်အားစု၏ ကြီးမားသည့်အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေသည်။ ၂၀၁၄ ခုနှစ်၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ မိုင်းတွင်းများနှင့် သတ္တုတွင်းများတွင် လုပ်ကိုင်နေသည့် လူဦးရေမှာ ၁၆၈,၀၀၀ ဦး သို့မဟုတ် လုပ်သားအင်အားစု၏ ၀.၈ ရာခိုင်နှုန်းဖြစ်သည်။ ၃
၂၀၁၄ ခုနှစ်မှစ၍ မြန်မာနိုင်ငံသည် အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် တွင်းထွက်သယံဇာတ တူးဖော် ထုတ်လုပ်ရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေသောကုမ္ပဏီများအကြား ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် ပွင့်လင်းမြင်သာ၍ တာဝန်ခံမှုရှိသော သယံဇာတစီမံခန့်ခွဲမှုကို မြှင့်တင်ရန်အတွက် ကမ္ဘာ့စံနှုန်း တစ်ခုဖြစ်သည့် တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (EITI) ၏ အဖွဲ့ဝင်ဖြစ်လာသည်။ မြန်မာနိုင်ငံအတွက် ဧပြီလ၊ ၂၀၁၃ ခုနှစ်မှ မတ်လ၊ ၂၀၁၄ ခုနှစ် အတွင်း စောင့်ကြည့်လေ့လာထားသော ပထမဆုံး EITI အစီရင်ခံစာကို ဇန်နဝါရီလ၊ ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။
တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ရေးကဏ္ဍ အထူးသဖြင့်သတ္တုတူးဖော်မှုလုပ်ငန်းများတွင် နိုင်ငံပိုင် လုပ်ငန်းများ၏ပါဝင်မှုမှာ အလွန်ကြီးမားသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်ယူမှုလုပ်ငန်းများတွင် နိုင်ငံခြားကုမ္ပဏီများနှင့် နိုင်ငံပိုင်လုပ်ငန်းများက ဖက်စပ်လုပ်ဆောင်နေကြသည်။ ရှာဖွေရေးနှင့် တူးဖော်ထုတ်လုပ်ရေး ပြုလုပ်ခွင့်လိုင်စင်ရရှိထားသည့် ကုမ္ပဏီများအကြောင်း အသေးစိတ်ကို ရေနံနှင့် သဘာဝဓာတ်ငွေ့ ပရိုဖိုင်စာမျက်နှာတွင် ကြည့်ရှုရယူနိုင်သည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့
မြန်မာနိုင်ငံ၏ ရေနံထုတ်လုပ်မှုကို ၁၉ ရာစုတွင်စတင်ခဲ့ပြီး တင်ပို့မှုများကို ၁၈၅၃ ခုနှစ်တွင် စတင်နေပြီဖြစ်သည်။ ယနေ့အချိန်တွင် သဘာဝဓာတ်ငွေ့ထုတ်ယူရေးလုပ်ငန်းများမှ တင်ပို့မှုမှာ ၂၀၁၄ ခုနှစ် တင်ပို့များအားလုံး၏ ၃၀ ရာခိုင်နှုန်းရှိခဲ့ပြီး မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့တင်ပို့သည့် မဲခေါင်ဒေသ အောက်ပိုင်းနိုင်ငံများတွင် ဒုတိယတင်ပို့မှုအများဆုံးဖြစ်သည်။ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ အဓိကတင်ပို့နေသည်။ ၄ မြန်မာနိုင်ငံ၏ ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များရှိ သဘာဝဓာတ်ငွေ့သိုက်များမှ ၁၀ ထရီလီယံ ကုဗပေ နှင့် ရေနံသိုက်များမှ ၅၀ မီလီယံစည် ထုတ်လုပ်နိုင်သည်ကို တွေ့ရှိထားပြီးဖြစ်သည်။ ၅
ကုန်းတွင်းနှင့် ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ရှာဖွေရေးနှင့် ထုတ်လုပ်ရေးတွင် နိုင်ငံခြားကုမ္ပဏီများ ပါဝင်လာသည်မှာ ၁၉၈၈ ခုနှစ်၊ ပထမ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို အတည်ပြုပြီးချိန်တွင်ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် နိုင်ငံပိုင်လုပ်ငန်းများနှင့် နိုင်ငံခြားကုမ္ပဏီများအကြား ထုတ်လုပ်မှုဝေမျှခြင်းဆိုင်ရာ သဘောတူညီချက်များကို အကြိမ်ပေါင်းများစွာလေလံပစ်ပြီးနောက် လုပ်ကွက်ပေါင်း ၁၀၀ ကျော်ကို ရှာဖွေရေးနှင့် ထုတ်လုပ်ရေးအတွက် ခွင့်ပြုခဲ့သည်
ကမ်းလွန်သဘာဝဓာတ်ငွေထုတ်လုပ်မှုသည် ၂၀၀၀ ခုနှစ်တွင် ရတနာစီမံကိန်းပြီးနောက် ရဲတံခွန်၊ ဇောတိက နှင့် ရွှေ စီမံကိန်းများ ဖြင့်စတင်ခဲ့သည်။ ကုန်းတွင်းပိုင်းထုတ်လုပ်မှုများတွင် ရေနံအများဆုံးဖြစ်ပြီး ချောက်၊ ရေနံချောင်းနှင့် မန်း တို့မှအဓိကထုတ်လုပ်သည်။ ပုံးနှင့် ကြိုးကဲ့သို့ ရိုးရှင်းသည့်နည်းဖြင့်ထုတ်လုပ်သည့် တရားမဝင် အသေးစား စီးပွားရေးလုပ်ငန်းများ၏ လက်ယက်တွင်းများလည်း အမြောက်အများရှိသည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်များကို ဤမြေပုံ၌ ကြည့်ရှုနိုင်ပြီး DataHub မှ အချက်အလက်များကို ဤနေရာမှ ဒေါင်းလုပ် လုပ်နိုင်ပါသည်။
ကျောက်မျက်ရတနာနှင့် ကျောက်စိမ်း
မြန်မာနိုင်ငံသည် အရည်သွေးမြင့် ကျောက်စိမ်းနှင့် ပတ္တမြား ရရှိနေသည့် ကမ္ဘာ့အကြီးမားဆုံး အရင်းအမြစ်ဖြစ်သည်။ ကမ္ဘာ့ပတ္တမြားထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းနှင့် ကျောက်စိမ်းထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံမှ ဖြစ်သည်။ ၆
အခြားတွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများနှင့် မတူသည်မှာ ကျောက်မျက်ရတနာကဏ္ဍကို နိုင်ငံပိုင်လုပ်ငန်းများနှင့် ပြည်တွင်းကုမ္ပဏီများဖြင့်သာ စာချုပ်ချုပ်လုပ်ကိုင်လျက်ရှိသည်။ ဤကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တားမြစ်ထားသည်။
ကျောက်မျက်ရတနာနှင့် ကျောက်စိမ်း ထုတ်လုပ်မှု၊ ရောင်းချမှု၊ တင်ပို့မှုများနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုသည် အခြားတွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများနှင့် နှိုင်းယှဥ်ပါက သိသိသာသာလျော့နည်းနေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် လက်ရှိအချိန်၌ တစ်ခုတည်းသော EITI အစီရင်ခံစာတွင် ဤကဏ္ဍအတွက် ရရှိနိုင်သည့်အချက်အလက်မှာ မြန်မာနိုင်ငံ ကျောက်မျက်ရတနာနှင့် ကျောက်စိမ်းအရောင်းပြပွဲများအတွင်း ရောင်းချရမှုနှင့်ဆိုင်သည့် အချက်အလက်များသာဖြစ်သည်။ ဤကဲ့သို့ အရောင်းပြပွဲနှစ်ခုကို ဧပြီလ၊ ၂၀၁၃ ခုနှစ်မှ မတ်လ၊ ၂၀၁၄ ခုနှစ် အတွင်း ပြုလုပ်ခဲ့ပြီး ဒေါ်လာ ၁၅၃၁.၆၁ မီလီယံတန်ဖိုးရှိသည့် ကျောက်မျက်ရတနာနှင့် ကျောက်စိမ်းတို့ကို ရောင်းချခဲ့သည်။ ထိုအချက်အလက်မှာ တရုတ်နိုင်ငံအခွန်ရုံးမှ ထုတ်ပြန်သည့် ၂၀၁၄ ခုနှစ်အတွင်း ကျောက်မျက်ရတနာနှင့် ကျောက်စိမ်း မြန်မာနိုင်ငံမှ တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၁၂.၃ ဘီလီယံနှင့် ကွာခြားနေသည်။ သို့သော်လည်း ဤကဏ္ဍ၏ တန်ဖိုးကို ပိုမိုကြီးမားသည့် ပမာဏတစ်ခုအဖြစ် အခြားအချက်အလက်ရင်းမြစ်မှ ဆိုထားသေးသည်။ Global Witness သည် မြန်မာနိုင်ငံ၏ ကျောက်စိမ်းထုတ်လုပ်မှုနှင့်ပတ်သက်သော စုံစမ်းထောက်လှမ်းမှုတစ်ခုကို ပြုလုပ်ခဲ့ပြီး တွေ့ရှိချက်များကို အစီရင်ခံစာထဲတွင်ဖော်ပြခဲ့သည်။ Global Witness အနေဖြင့် ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ကျောက်စိမ်းထုတ်လုပ်မှု တန်ဖိုးမှာ ဒေါ်လာ ၃၁ ဘီလီယံ ရှိနိုင်သည်ဟု ဆိုထားသည်။
ဓာတ်သတ္တုများနှင့် အခြား သတ္တုထုတ်ယူမှုများ
ကျောက်မျက်ရတနာနှင့် ကျောက်စိမ်း ထုတ်လုပ်မှုများအပြင် အခြေခံသတ္တုများ (ရွှေ၊ ကြေးနီ၊ ငွေ၊ ခဲ၊ သွပ်၊ သံဖြူ၊ မဂနိစ်၊ ခနောက်စိမ်း)၊ စက်မှုလုပ်ငန်းဆိုင်ရာ ဓာတ်သတ္တုများ (ဘိလက်မြေ၊ ရွှံ့စေး၊ ဂျစ်ပ်ဆင်၊ မြေသြဇာအခြေခံများ၊ ဒိုလိုမိုက်၊ ထုံးကျောက်၊ ဆားနှင့် အင်ကြင်းကျောက်)နှင့် စွမ်းအင်ရင်းမြစ်များ (ကျောက်မီးသွေးနှင့် ယူရေနီယံ)အပါအဝင် အခြားဓာတ်သတ္တုတူးဖော်မှု အမြောက်အများသည်လည်း မြန်မာနိုင်ငံတွင်ရှိသေးသည်။
သတ္တုတူးဖော်မှုအမျိုးမျိုး၏ အရွယ်အစားသည် စက်ယန္တယားကြီးများမှအစ အသေးစားနှင့် လက်မှုလုပ်ငန်းများဖြင့် ထုတ်လုပ်မှုအထိ အမျိုးမျိုးရှိသည်။ ဓာတ်သတ္တုတူးဖော်မှုအားလုံးကို သတ္တုတွင်း ဝန်ကြီးဌာနမှ စီမံခန့်ခွဲပြီး ပုဂ္ဂလိကကုမ္ပဏီများ အနေဖြင့် တူးဖော်မှုများမစတင်မီ ဝန်ကြီးဌာနနှင့် ထုတ်လုပ်မှု ဆိုင်ရာ ဝန်ဆောင်မှုစာချုပ် ချုပ်ဆိုထားရန်လိုအပ်သည်။
အကြီးစားသတ္တုတွင်းအနေဖြင့်လုပ်ဆောင်နေသည့် ဥပမာတစ်ခုမှာ ရှမ်းပြည်နယ် တီကျစ်ရှိ ကျောက်မီးသွေးတွင်းများဖြစ်ပြီး ၁၂၀ မဂ္ဂါဝပ်ပေးနေသည့် တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ပေးပို့သည်။ နောက်ဥပမာတစ်ခုမှာ မန်းမော် သံဖြူထုတ်လုပ်မှုဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံး သံဖြူအရင်းမြစ် ဖြစ်လာသည်။၇ အသေးစားလက်မှုတူးဖော်ရေးလုပ်ငန်း အမြောက်အများလည်းရှိသည်။ ရွှေထုတ်လုပ်မှုလုပ်ငန်းတစ်ခုတည်း၌ပင် လုပ်ကိုင်နေသူဦးရေ ၂၀,၀၀၀ ကျော်ရှိသည်။
သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် ထည့်သွင်းစဥ်းစားသင့်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်များမှာ သစ်တောပြုန်းတီးမှုမှစ၍ ကျောက်မီးသွေး၊ ဓာတ်ငွေ့နှင့် ရေနံများစသည့် ရုပ်ကြွင်းလောင်စာများ မီးရှို့မှုအပါအဝင် လက်လုပ်ရွှေတွင်းများတွင် မာကြူရီအသုံးပြုမှုအထိ အမျိုးမျိုးရှိနိုင်သည်။
ရည်ညွှန်းစာရင်း
၁ EITI final report https://data.ODM2.prod.derilinx.com/library_record/eiti-report-for-the-period-april-2013-march-2014-oil-gas-and-mining-sectors
၂ Opinion piece from Paul Shortells, who works for NRGI, a natural resources think tank http://www.mmtimes.com/index.php/opinion/20796-parsing-myanmar-s-first-eiti-report.html
၃ Census occupation and industry report https://data.ODM2.prod.derilinx.com/dataset/occupation-and-industry?type=dataset
၄ Oil and Gas sector impact investment https://data.ODM2.prod.derilinx.com/library_record/myanmar-oil-gas-sector-wide-impact-assessment
၅ EITI final report https://data.ODM2.prod.derilinx.com/library_record/eiti-report-for-the-period-april-2013-march-2014-oil-gas-and-mining-sectors
၆ ADB Report: Myanmar Unlocking Potential https://www.adb.org/sites/default/files/publication/42870/myanmar-unlocking-potential.pdf
၇ Skyes, Trench, Gardiner, Robb. 2015. “Tin Mining in Myanmar, Production and Potential”. Resources Policy