မဲခေါင်သစ်တောများအတွက် ဒေသခံတို့၏အသံ (V4MF မြန်မာ)- မြန်မာနိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်းအချို့သည် သစ်တောကဏ္ဍ ပညာပေးစည်းရုံးရေးအတွက် အချက်အလက်အသိပညာ တတ်မြောက်မှု ကို ရရှိခဲ့ပါသည်

အချက်အလက်ဆိုင်ရာတတ်မြောက်ကျွမ်းကျင်မှု တိုးတက်ရန်လိုအပ်ချက်ကို မြန်မာ့သစ်တောလုပ်ငန်းကဏ္ဍရှိ အရပ်ဘက်အဖွဲ့အစည်းများက တွေ့ရှိခဲ့ပါသည်၊၊ ထို့ကြောင့် ၎င်းတို့သည် သစ်တောဆိုင်ရာ ပညာပေးစည်းရုံးရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် အချက်အလက်အသိပညာ တတ်မြောက်မှုတွင် အားထုတ်ကြိုးပမ်းခဲ့ကြသည်။  

East-West Management Institute (EWMI) ၏ လုပ်ငန်းအဖွဲ့တစ်ခုဖြစ်သော Open Development Initiative (ODI) သည် ထိုင်း၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံများတွင် သစ်တောလုပ်ငန်းကွန်ယက်အဖွဲ့များနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးစည်းရုံးရေးအဖွဲ့အစည်းများအား အချက်အလက်အသိပညာ တတ်မြောက်မှုသင်တန်းစဉ်များကို ပို့ချပေးလျက်ရှိသည်။ မကြာမီကပင် မြန်မာနိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်းအချို့အတွက် အလားတူသင်တန်းတစ်ခုကို ပို့ချပေးနိုင်ခဲ့ပြီး၊ ကပ်ရောဂါနှင့် လတ်တလောနိုင်ငံရေးမတည်ငြိမ်မှုကြောင့် အွန်လိုင်းဖြင့်သာ ဆောင်ရွက်နိုင်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာမှ နိုဝင်ဘာအထိ အွန်လိုင်းသင်တန်း၌ အဖွဲ့အစည်း ၅ ခုမှ တက်ရောက်သူ ၁၉ ဦး ပါဝင်ခဲ့ပြီး အောင်မြင်စွာ ပြီးစီးခဲ့သည်။ အဆိုပါတက်ရောက်သူများသည် RECOFTC မြန်မာ၊ မြန်မာ့ပတ်ဝန်းကျင် ထူထောင်ထိန်းသိမ်းရေး ကွန်ယက် (MERN)၊ WWF မြန်မာ၊ လန်ဒက်ဆာနှင့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး မိတ်ဆွေများအသင်း (Friends of Wildlife) မှ ကိုယ်စားလှယ်များ ဖြစ်ကြသည်။

ဥရောပသမဂ္ဂမှ ရန်ပုံငွေထောက်ပံ့ကာ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာတွင် ပြီးစီးခဲ့သည့် ငါးနှစ်တာစီမံကိန်းတစ်ခုဖြစ်သော မဲခေါင်သစ်တောများအတွက် ဒေသခံတို့၏အသံ (V4MF) စီမံကိန်း သည် တက်ရောက်သူအားလုံးကို ပံ့ပိုးကူညီခဲ့သည်။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် သစ်တောစီမံအုပ်ချုပ်မှုကဏ္ဍ၌ ပါဝင်၍ ဩဇာသက်ရောက်နိုင်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်း၊ ဌာနေတိုင်းရင်းသားများ၊ ပုဂ္ဂလိကကဏ္ဍ၊ ဒေသခံပြည်သူအဖွဲ့များ၏ အသံများအား ခိုင်မာစေရန် V4MF က ရည်ရွယ်သည်။ V4MF စီမံကိန်းသည် ဥရောပသမဂ္ဂ၏ “သစ်တောဥပဒေလိုက်နာစေခြင်း၊ ထိန်းချုပ်ခြင်းနှင့် ကုန်သွယ်မှု” (FLEGT) လုပ်ငန်းစဉ်နှင့် ကုလသမဂ္ဂ၏ “သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှု လျှော့ချခြင်း၊ သစ်တောတွင်း သိုလှောင်ကာဗွန်များကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် တိုးတက်စေခြင်း၊ သစ်တောများအား ရေရှည်တည်တံ့စွာ စီမံအုပ်ချုပ်ခြင်း” (REDD+) လုပ်ငန်းစဉ်များကိုလည်း ပံ့ပိုးပေးသည်။

သင်တန်းတက်ရောက်သူဦးရေ သရုပ်ပြပုံ

တက်ရောက်သူအများစုသည် မိမိကိုယ်ကို အချက်အလက်စုဆောင်းသူ/ အသုံးပြုသူဟု ယူဆကြပြီး ၎င်းတို့အနက် တစ်ဦးသည် မီဒီယာပရော်ဖက်ရှင်နယ် ဖြစ်သည်။ တက်ရောက်သူများ၏လိုအပ်ချက်နှင့်သာမက သစ်တောပြဿနာများ၊ အစုအဖွဲ့ပိုင်မြေယာများ၊ ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံအခြေအနေနှင့်ပါ ကိုက်ညီစေရန်အတွက် သင်ရိုးကို ပြင်ဆင်ထားသည်။ အဝေးရောက်သင်ယူမှုလုပ်ငန်းစဉ်အတွင်း တက်ရောက်သူများပါဝင်ရေးနှင့် အချက်အလက်နည်းပညာများကို လက်တွေ့ဆောင်ရွက်ရေးသည် မိမိတို့အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့သည်။ သို့သော် တက်ရောက်သူများအနေဖြင့် သင်တန်း၏အကျိုးရှိပုံကို တွေ့ရှိခဲ့သည်။

သင်တန်းကို အွန်လိုင်းအချိန် ၈ ချိန်ခွဲထားသည်။ အချက်အလက်၏အခြေခံသဘောတရားကို မိတ်ဆက်ခြင်း၊ အချက်အလက်ရှာဖွေခြင်း၊ အချက်အလက်ရှင်းလင်းခြင်း၊ အချက်အလက်စုစည်းခြင်းနှင့် စံသတ်မှတ်ခြင်း၊ အချက်အလက်အစုမှ ဇာတ်လမ်းရှာဖွေခြင်းတို့ ပါဝင်သည်။ ကွင်ဆင်း၍ အချက်အလက်စုဆောင်းခြင်းအတွက် “Mapeo”၊ အချက်အလက်ပုံဖော်ခြင်းအတွက် “Datawrapper”၊ အချက်အလက်ပုံဖော်ခြင်းနှင့် ဇာတ်လမ်းရေးသားခြင်းအတွက် “Flourish”၊ အချက်အလက်ဒက်ရှ်ဘုတ် ဒီဇိုင်းဆွဲခြင်းအတွက် “Google Data Studio” စသော အွန်လိုင်းနည်းပညာများကို တက်ရောက်သူများအား ပို့ချပေးခဲ့သည်။ အချက်အလက်အစုများနှင့် အလုပ်လုပ်ခြင်း၊ ဇာတ်လမ်းရေးသားခြင်းကို သေချာသင်ယူနိုင်စေရန် လက်တွေ့အချိန်များလည်း ထည့်သွင်းထားသည်။ ‌နေ့စဉ်ဘဝအတွက် အခြေခံမူများဖြစ်သော ဒစ်ဂျစ်တယ်လုံခြုံစိတ်ချရမှုနှင့် အချက်အလက်ဆိုင်ရာ အချုပ်အခြာအာဏာအကြောင်းကိုလည်း တက်ရောက်သူများ လေ့လာသိရှိခဲ့သည်။

သင်တန်းပြီးဆုံးချိန်၌ ကောက်ယူသည့်စစ်တမ်းအရ တက်ရောက်သူတဝက်သည် အချက်အလက်ဆန်းစစ်ခြင်းအတွက် “Pivot Tables” သုံးရာတွင် ယုံကြည်မှုရှိကြောင်းဖော်ပြကြပြီး၊ မိတ်ဆက်သင်ကြားပေးခဲ့သော အချက်အလက်ပုံဖော်ခြင်းနည်းများကို အသုံးပြုလေ့ကျင့်ရန် စိတ်ဝင်စားကြသည်။ အင်တာနက်မရှိဘဲ အချက်အလက်များကို စုဆောင်းနိုင်ပြီး၊ နည်းပညာအားနည်းသည့် ကျေးလက်နေပြည်သူများအတွက် တီထွင်ထားသည့် အခမဲ့အသုံးပြုနိုင်သော မိုဘိုင်းအက်ပလီကေးရှင်း “Mapeo” အသုံးပြုပုံကို တက်ရောက်သူအများစုက စူးစမ်းမေးမြန်းကြသည်။ သင်တန်းတက်ရောက်သူများ၏ အဓိကတုန့်ပြန်မှုသည် သင်တန်း၏တန်ဖိုးရှိပုံနှင့် ၎င်းတို့၏လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်မည့် အသုံးဝင်သောနည်းပညာများကို သင်ယူခဲ့ရပုံ ဖြစ်သည်။ သင်တန်းတက်ရောက်သူများအနေဖြင့် အချက်အလက်အသိပညာ တတ်မြောက်မှုသည် ၎င်းတို့အတွက် အလွန်အသုံးဝင်သော အသိပညာနှင့် ကျွမ်းကျင်မှုသင်တန်းတစ်ခုဖြစ်ကြောင်း တွေ့ရှိခဲ့ပြီး၊ ၎င်းတို့၏အလုပ်နှင့် နေ့စဉ်လုပ်ငန်းဆောင်တာများအတွက် အရေးကြီးကြောင်း ယုံကြည်ကြသည်။

အချက်အလက်အသိပညာ တတ်မြောက်မှုသည် အဘယ်ကြောင့် အရေးကြီးသနည်း။

သစ်တောစီမံအုပ်ချုပ်မှုမြှင့်တင်ရန်နှင့် အထောက်အထားအခြေခံသော ဆောင်ရွက်ချက်များပြုလုပ်ရန် ပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများအတွက် အချက်အလက်အသုံးပြုခြင်းသည် ပို၍အရေးပါလာကြောင်းကို ကောင်းစွာသိရှိကြသည်။ သို့ရာတွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် ၎င်းတို့၏လုပ်ငန်းအစီအစဉ်မှ အဓိကအကျိုးခံစားရသူများဖြစ်သော နိုင်ငံသားများအကြား အချက်အလက်အသိပညာ တတ်မြောက်မှုနည်းပါးခြင်းသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ နည်းပညာနှင့် အခမဲ့သုံးနိုင်သောနည်းလမ်းများ ပေါ်ထွက်လာရာ လုပ်ငန်းရင်းနှီးမြှုပ်နှံမှုအတွက် အချက်အလက်အသိပညာ တတ်မြောက်မှုသင်တန်းသည် အရေးပါလာသည်။ ဤသို့သောသင်တန်းသည် လူများ၏ အချက်အလက်များကို နားလည်အသုံးပြုနိုင်စွမ်း တည်ဆောက်နိုင်ရန်နှင့် ထိုလူများ၏ကဏ္ဍကို အချက်အလက်သုံးစွဲသူမှ အချက်အလက်ထုတ်လုပ်သူအဖြစ်သို့ မြှင့်တင်ပေးရန် ကူညီပေးသည်။

၎င်းတို့၏လုပ်ငန်းများကို မြှင့်တင်ရာ၌ အချက်အလက်များအား အသုံးပြုခြင်း၊ အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ ဆန်းစစ်ခြင်း၊ တင်ပြခြင်းစွမ်းရည်များကို တိုးတက်စေရေး ဟူသည့် အရပ်ဘက်အဖွဲ့အစည်းများ၏လိုအပ်ချက်အား ODI က အလေးထားသည်။ မူဝါဒပြုပြင်ပြောင်းလဲမှုအတွက် တွန်းအားပေးရန်၊ အရေးကြီးသောလူမှုပြောင်းလဲမှုအတွက် ပညာပေးစည်းရုံးရန်၊ ပတ်ဝန်းကျင်အား တိုးတက်စေရန် အချက်အလက်သုံးနိုင်သည့်အဖွဲ့တစ်ခု မဲခေါင်ဒေသအတွင်း တည်ဆောက်ရေးကို ODI က ရည်ရွယ်သည်။ ထိုအဖွဲ့သည် အချက်အလက်အသိပညာ တတ်မြောက်ပြီး ကိုယ်တိုင်ထုတ်ဝေသောသတင်းအချက်အလက်များ သို့မဟုတ် ရရှိလာသောသတင်းအချက်အလက်များကို ဆန်းစစ်နိုင်လိမ့်မည်။ လက်ဝယ်ရရှိသော ဤအသိပညာအသစ်နှင့်အတူ ထိုအဖွဲ့သည် အစိုးရများထံမှ အချက်အလက်ဆိုင်ရာပွင့်လင်းမြင်သာမှုကို တောင်းဆိုလာနိုင်မည်။ ဤကြိုးပမ်းအားထုတ်မှုတွင် ODI သည် ဘေးချန်ခံထားရသော လူဦးရေအုပ်စုနှင့် အခွင့်အရေးမရရှိသော လူဦးရေအုပ်စုတို့ကို အဓိကထား ရည်ရွယ်သည်။

အချက်အလက်အသိပညာ တတ်မြောက်မှုကို လုပ်ဖော်ကိုင်ဖက်များနှင့် လုပ်ငန်းကွန်ယက်များတွင် မျှဝေလိုသူများကို ODI အဖွဲ့က လမ်းညွှန်ပို့ချပေးသည်။ မိမိတို့သည် နည်းပညာပံ့ပိုးမှုပေးခြင်း၊ ကြုံတွေ့ခဲ့ရသောသင်ခန်းစာများကို မျှဝေခြင်း၊  သီးသန့်လိုအပ်ချက်များအတွက် အချက်အလက်အသိပညာ တတ်မြောက်မှုအစီအစဉ်ကို ပြင်ဆင်ပေးခြင်းတို့ကို စိတ်အားထက်သန်စွာ ဆောင်ရွက်လျက်ရှိသည်။ အချက်အလက်အသိပညာ တတ်မြောက်မှုအစီအစဉ်အကြောင်းကို ပိုမိုသိရှိလိုပါက ODM Website တွင်တင်ထားသော သက်ဆိုင်ရာအကြောင်းအရာများနှင့် ယခင်အစီအစဉ်များအား ဖတ်ရှုလေ့လာနိုင်သည်။

ပထမဆုံးသင်တန်းအချိန်တွင် တက်ရောက်ကြသူများ