နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုပ်နှံမှု (FDI) ဆိုသည်မှာ စီးပွားရေးလုပ်ငန်းတစ်ခုတွင် ရင်းနှီးမြုပ်နှံမှုဖြင့် လာရောက်နေထိုင်လုပ်ကိုင်သူတစ်ဦးသည် အခြားစီးပွားရေးလုပ်ငန်းတစ်ခုတွင် နေထိုင်လုပ်ကိုင်သူ အပေါ် သိသိသာသာ လွှမ်းမိုးချုပ်ကိုင်ခွင့်ကို အတိုင်းအတာတစ်ခုအထိ ရရှိစေနိုင်မည့် ရည်ရှည် အကျိုးစီးပွားကို ဖန်တီးပေးသည့် နယ်စပ်ဖြတ်ကျော် ရင်းနှီးမြုပ်နှံမှု အမျိုးအစားတစ်ခုဖြစ်သည်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဟုဆိုရာတွင် နိုင်ငံတစ်နိုင်ငံမှ တစ်နိုင်ငံသို့ အရင်းအနှီး စီးဆင်းမှုကိစ္စများ ပါ၀င်ပြီး နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများအတွက် ပြည်တွင်း ကုမ္ပဏီများနှင့် ပိုင်ဆိုင်မှုများကိုခွဲဝေရာတွင် အစုရှယ်ယာ အများအပြား ပိုင်ဆိုင်ခွင့်ကို ပေးထားခြင်းဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုသည်မှာ စီးပွားရေးလုပ်ငန်းဗျူဟာများကို အကောင်အထည် ဖော်ဆောင်ရွက်ကြရာတွင်နိုင်ငံခြားရင်းနှီးမြုပ်နှံသူအား ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ခွင့်ရရှိစေရန် သို့မဟုတ် လုံလောက်သော အစုရှယ်ယာတစ်ခုအား စီမံခန့်ခွဲရာတွင် တက်ကြွသောအခန်းကဏ္ဍမှ ပါဝင်ခွင့်ရရှိစေရန် ရည်ရွယ်၍ ဖော်ဆောင် ပေးထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုသည် မကြာသေးမီနှစ်များအတွင်းကဖြစ်ပွားခဲ့သော ကူးစက် ရောဂါများ၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပိတ်ဆို့မှုများ၊ အထူးသဖြင့် နိုင်ငံရေးမတည်ငြိမ်မှုများ အစရှိသည့် အခက်အခဲ များစွာ တို့ကြောင့် သိသိသာသာ ကျဆင်းလာခဲ့ရသည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုသည် ၂၀၂၂ ခုနှစ် ပထမ သုံးလပတ်အခြေအနေနှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် ၆၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။ 1. အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံတကာ ကုမ္ပဏီအများအပြားသည် ၎င်းတို့ဆောင်ရွက်လျှက်ရှိသောလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းအချို့ကို နုတ်ထွက်လိုက်ကြပြီး အချို့ကိုလုံးဝ ရပ်ဆိုင်းခဲ့ကြသည်။
၂၀၁၁ ခုနှစ်တွင် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီး ၂၀၁၅ ခုနှစ်တွင် ပထမဆုံး ဒီမိုကရေစီ ရွေးကောက်ပွဲများ ကျင်းပပြီးနောက် မြန်မာနိုင်ငံသည် ကမ္ဘာ့စီးပွားရေးကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး စီးပွားရေး တိုးတက်မှုမှာ မြင့်မားလာခဲ့ပြန်သည်။ FDI သည် ၎င်း၏ စီးပွားရေးကဏ္ဍများကို မြှင့်တင်ရန်အတွက် အဓိကအချက်တစ်ချက်ဖြစ်သည်။ အမှန်စင်စစ်အားဖြင့် မြန်မာအစိုးရသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍဆိုင်ရာ လုပ်ငန်းများကို ၁၉၈၈ ခုနှစ်နှောင်းပိုင်းမှာ စတင်အားပေးခဲ့သည်။ကန့်သတ်ချက်များနှင့် တားမြစ်ချက် အများအပြားကြောင့် ၂၀၁၁ခုနှစ်အထိ FDI တိုးလာမှု နှေးကွေးခဲ့သည်။ ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ၊ ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းရေးနှင့် ပိုမိုတည်ငြိမ်မှုသောနိုင်ငံရေးအခြေနေကြောင့် ၂၀၁၈ ခုနှစ်အထိ FDI တိုးမြင့်လာမှုကို မြင်တွေ့ခဲ့ရသည်။ ၂၀၁၈ ခုနှစ်နောက်ပိုင်းတွင် ကန့်သတ်ချုပ်ချယ်မှုများနှင့် ရိုဟင်ဂျာအကျပ်အတည်းများနှင့်အတူ စီးပွားရေးမူဝါဒများ အကောင်အထည်ဖော်ရာတွင် အားနည်းချက်များကြောင့် FDI စီးဆင်းမှု တဖန်ကျဆင်းခဲ့သည်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ၌ စစ်တပ်၏ အာဏာသိမ်းမှုသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို နောက်ကြောင်းပြန်လှည့်စေခဲ့ပြီး နိုင်ငံတကာ ကုမ္ပဏီ အများအပြား၏ လုပ်ငန်းများကို ရပ်ဆိုင်းထားရန် တွန်းအားပေးခဲ့ပြီး အချို့မှာ ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုများနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို ရုပ်သိမ်းလိုက်ရာ မြန်မာနိုင်ငံရှိFDI သည် သိသိသာသာပင် ကျဆင်းသွားခဲ့ရသည်။
ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအကြောင်း
မြန်မာနိုင်ငံအတွင်းသို့ FDI စီးဝင်လာမှုအား မြှင့်တင်ရန်အတွက် စျေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးပြီးနောက် များမကြာမီတွင် မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ၁၉၈၈ ခုနှစ်၌ ပြဋ္ဌာန်းခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် ဥပဒေများဖြစ်သော မြန်မာ့နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ MIL (၂၀၁၆) 2, မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ (MCL) ၂၀၁၇၊ အထူးစီးပွားရေးဇုန်များဥပဒေ ၂၀၁၄၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ၂၀၁၂ နှင့် ၂၀၁၈ ခုနှစ် ကုမ္ပဏီများဥပဒေများစွာတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ပြဋ္ဌာန်းခဲ့ပါသည်။ အဆိုပါဥပဒေများအပြင် အခြားသော ဥပဒေစည်းမျဉ်း၊စည်းကမ်းများထိန်းသိမ်းရေးအဖွဲ့များ၏ ပံ့ပိုးကူညီမှုများဖြင့် မြန်မာနိုင်ငံ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက် စီမံဆောင်ရွက်လျက်ရှိပါသည်။
FDIနှင့်ပတ်သက်သည့် အကျိုးကျေးဇူးများနှင့် စိန်ခေါ်မှုများအကြောင်း
မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခြေအနေသည် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို စီမံဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုမရှိသော စည်းမျဉ်းစည်းကမ်းများ၊ မူဝါဒများနှင့် ဥပဒေများကြောင့် ရင်းနှီးမြှုပ်နှံသူများအတွက် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကြုံတွေ့နေကြရသည်။ နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ပွင့်လင်းမြင်သာမှုမရှိသော လုပ်ငန်းစဉ်များကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် ၂၀၂၁ ခုနှစ်မှစ၍ တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာခဲ့ရသည်။ မြန်မာ့ရင်းနှီးမြုပ်နှံမှုဥပဒေ MIL သည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ရရှိနိုင်သည့် ကဏ္ဍများကို သတ်မှတ်ပေးကာ တားမြစ်ထားသော ကဏ္ဍများစာရင်းကိုလည်း စာရင်းပြုစုထားသည်။ ကုမ္ပဏီများဥပဒေ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် ပြည်တွင်းကုမ္ပဏီများတွင် ၃၅ ရာခိုင်နှုန်းအထိသာ ရှိသည်ဟု ပြဋ္ဌာန်းထားသည်။
စိန်ခေါ်မှုများရှိနေသော်လည်း မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်ဖိတ်ခေါ် နေဆဲဖြစ်သည်။ ဥပမာအားဖြင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်၌ ရေအားလျှပ်စစ် ဆည် ခုနစ်ခုကို တည်ဆောက်ပေးရန် ကြိုးပမ်းလျှက်ရှိသော တရုတ်နိုင်ငံ၏ လျှပ်စစ်စွမ်းအား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများနှင့် ဖက်စပ်လုပ်ငန်းများလုပ်ကိုင်ရန်အတွက် ကနဦးအဆင့်နေဖြင့် မြစ်ဆုံရေကာတာစီမံကိန်းကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း မြစ်ဆုံရေကာတာ စီမံကိန်းကို အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းထားခဲ့ရသည်။ မြစ်ဆုံရေကာတာ စီမံကိန်းသည် လျှပ်စစ်ထုတ်လုပ်မှုစွမ်းအား အနေဖြင့် မဂ္ဂါဝပ် ၆၀၀၀ ကို ထုတ်လုပ်ပေး နိုင်မည်ဖြစ်ပြီး စီမံကိန်းပြီးစီးပါက တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ လျှပ်စစ်စွမ်းအားများ ပို့လွှတ်ရန်အတွက် အဓိကရည်ရွယ်ထား၍ ၂၀၁၉ ခုနှစ်တွင် ပြီးစီးအောင်ဆောင်ရွက်ရန် စီစဉ်ထားသည်။ ၂၀၁၆ နှင့် ၂၀၁၉ တို့တွင် စီမံကိန်းလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရန် စီစဉ်ခဲ့ကြသော်လည်း ကောလဟာလများကြောင့် ၂၀၂၁ ခုနှစ်ကတည်းက ယနေ့အချိန်အထိ စီမံကိန်းလုပ်ငန်းများကို ရပ်ဆိုင်းထားရဆဲဖြစ်သည်။
အဓိက ရင်းနှီးမြုပ်နှံသူများအကြောင်း
၁၉၈၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန် လာရောက်ကြသည့် နိုင်ငံပေါင်း ၅၃ နိုင်ငံရှိခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီးနောက် ရင်းနှီးမြုပ်နှံသူအများအပြားသည် နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ဆက်စပ်သည့် အခက်အခဲများကြောင့် အချို့စီမံကိန်းလုပ်ငန်းများနုတ်ထွက်ကာ အချို့ကို ဆိုင်းငံ့ထားခဲ့ကြသည်။.3 ကုမ္ပဏီပေါင်း ၁၇ ခုခန့်သည် ၎င်းတို့၏ လုပ်ငန်းများကို ရုပ်သိမ်းရန် သို့မဟုတ် ရပ်ဆိုင်းရန် ဆုံးဖြတ်ချက်ကို အများပြည်သူသိရှိစေရန် ကြေညာခဲ့ကြသည်။.4 ထို့အပြင် မြန်မာနိုင်ငံတွင် ကုမ္ပဏီ (၉)ခုမှ ၎င်းတို့၏လုပ်ငန်းများကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြသည်။ ခြုံငုံသုံးသပ်ရလျှင် မြန်မာနိုင်ငံတွင် လည်ပတ်နေသော ကုမ္ပဏီများ၏ ၁၃ ရာခိုင်နှုန်းနီးပါးသည် အာဏာသိမ်းပြီးကတည်းက လုပ်ငန်းများအားလုံးကို ရပ်ဆိုင်းလိုက်ကြရသည်။.5 သို့သော် အချို့နိုင်ငံများမှ ကုမ္ပဏီအချို့သည် ၎င်းတို့၏စီမံကိန်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နေကြဆဲဖြစ်သည်။
၂၀၂၄ ခုနှစ် ဧပြီလတွင် တင်ပြခဲ့သော ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ၏ နောက်ဆုံးရ အစီရင်ခံစာအရ စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံ၌ အများဆုံး ရင်းနှီးမြုပ်နှံမှုလာရောက်လုပ်ကိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံသည် ၂၅.၉ ရာခိုင်နှုန်း (ဒေါ်လာ ၁၈.၈၉ ဘီလီယံ) နှင့် ဟောင်ကောင် SAR သည် ၁၃.၅ ရာခိုင်နှုန်း (ဒေါ်လာ ၉.၈၄ ဘီလီယံ) အထိ ရှိခဲ့ကြပြီး ဒုတိယနှင့် တတိယရင်းနှီးမြှုပ်နှံသူအဆင့်တွင်ရှိခဲ့ကြသည်။.6 လက်ရှိအချိန်တွင် UK၊ Hong Kong, Thailand၊ Korea Republic of Vietnam၊ Japan၊ Malaysia နှင့် Netherlands နိုင်ငံတို့သည် သိသာထင်ရှားသော ရင်းနှီးမြှုပ်နှံမှုများရှိသည့် ထိပ်တန်းနိုင်ငံများ ဖြစ်ကြသည်။ သို့သော်လည်း ကာလတစ်လျှောက်လုံး စင်ကာပူနိုင်ငံသည် အဓိကရင်းနှီးမြှုပ်နှံသူ အဖြစ်ရပ်တည်လျှက်ရှိပြီး တရုတ်နှင့် ထိုင်းနိုင်ငံတို့မှလည်း ဆက်လက် ရင်းနှီးမြှုပ်နှံသူအဖြစ် တည်ရှိခဲ့ကြသည်။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု FDIကို မြန်မာနိုင်ငံ၌ ၁၉၈၈ခုနှစ်မှစတင် ခွင့်ပြုပြီးကတည်းက စင်္ကာပူ၊ တရုတ်နှင့် ထိုင်းတို့သည် မြန်မာနိုင်ငံသို့ အဓိက လာရောက်၍ ရင်းနှီးမြှုပ်နှံ ကြသူများဖြစ်ကြသည်။.7
မြန်မာနိုင်ငံ၌ အဓိကလာရောက် ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံ (၃)နိုင်ငံ
၁။ စင်္ကာပူနိုင်ငံ
စင်ကာပူနိုင်ငံမှလာရောက်ရင်းနှီးမြှုပ်နှံမှုရာခိုင်နှုန်းသည် မြန်မာနိုင်ငံရှိ FDI ရင်းနှီးမြှုပ်နှံမှုအားလုံး၏ ၂၉ ရာခိုင်နှုန်းနှင့် ညီမျှပြီး ယခင်နှစ်များအတွင်း မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံသည့် အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။.8 Global New Light Of Myanmar ၏ဖော်ပြချက်အရ စင်္ကာပူနိုင်ငံသည် လက်ရှိစီမံကိန်း ၂၉၉ ခုမှ အမေရိကန်ဒေါ်လာ ၂၁ ဘီလီယံကျော်ကို မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံထားသည်။ ထို့အပြင် သီလဝါအထူးစီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏပြီးလျှင် စင်ကာပူနိုင်ငံသည် ဒုတိယအကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူအဖြစ် ရပ်တည်လျှက်ရှိသည်။
ရင်းနှီးမြုပ်နှံမှုလုပ်ကိုင်သည့်ကဏ္ဍများ- စင်္ကာပူကုမ္ပဏီများသည် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ အိမ်ခြံမြေလုပ်ငန်း၊ လျှပ်စစ်စွမ်းအားရရှိရေး နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် အဓိကရင်းနှီးမြှုပ်နှံကြသည်။
၂။ တရုတ်နိုင်ငံ
တရုတ်နိုင်ငံသည် FDI ၏ ပထမဆုံးခွင့်ပြုချက်ရကတည်းက မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင် ရင်းနှီးမြှုပ်နှံလာခြင်းဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံသည် စုစုပေါင်း FDI၏ ၂၅.၉ ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၈.၈၉ ဘီလီယံကျော်ဖြင့် ဒုတိယအကြီးမားဆုံး ရင်းနှီးမြှုပ်နှံခဲ့သည့်နိုင်ငံဖြစ်ခဲ့သည်
ရင်းနှီးမြုပ်နှံမှုလုပ်ကိုင်သည့်ကဏ္ဍများ– အခြေခံအဆောက်အအုံများ၊ စွမ်းအင်ကဏ္ဍ (အထူးသဖြင့် ရေအားလျှပ်စစ်နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့)၊ သတ္တုတူးဖော်ရေး၊ ကုန်ထုတ်လုပ်မှုနှင့် ဆက်သွယ်ရေး။
၃။ ဟောင်ကောင် SAR ၊ တရုတ်
ဟောင်ကောင် SAR သည် နှစ်ပေါင်းများစွာအတွင်း မြန်မာနိုင်ငံတွင် အရေးပါသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည့်နိုင်ငံဖြစ်ပြီး စီးပွားရေးကဏ္ဍအသီးသီး၌လည်း ပံ့ပိုးကူညီခဲ့သည်။ ယခုနှစ်တွင် ဟောင်ကောင် SARသည် မြန်မာနိုင်ငံ၌ တတိယအကြီးမားဆုံး လာရောက်ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လျှက်ရှိသည်။.9
ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့်ကဏ္ဍများ- အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင်ကဏ္ဍနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ (အထည်ချုပ်လုပ်ငန်းများ)
ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် စက်မှုလုပ်ငန်းများနှင့် ကဏ္ဍများ
လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကဏ္ဍသည် မြန်မာနိုင်ငံတွင် မကြာသေးမီနှစ်များအတွင်း FDI ပမာဏ အများဆုံးရရှိခဲ့သည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ ၈၂၀.၂၇ သန်းကျော် ဖြင့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုကဏ္ဍမှ အများဆုံးရရှိခဲ့သည်။ 10 မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံတွင် လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုသည် ပမာဏအများဆုံးအဖြစ် ဆက်လက် ရပ်တည်လျှက်ရှိပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ သည် ဒုတိယပမာဏအများဆုံး ရင်းနှီးမြုပ်နှံမှုလုပ်ငန်း အဖြစ် ရပ်တည်ခဲ့သည်။
မြန်မာနိုင်ငံအစိုးရသည် အောက်ဖော်ပြပါကဏ္ဍများတွင် FDI ကို ကြိုဆိုလက်ခံပြီး မြှင့်တင်ပေးလျှက်ရှိပါသည်။
- စိုက်ပျိုးရေးနှင့် ၎င်း၏ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများ (ဆေးရွက်ကြီးစိုက်ပျိုးခြင်းနှင့် ထုတ်လုပ်ခြင်းမှလွဲ၍)၊
- သစ်တောများ စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းရေးလုပ်ငန်းများအပြင် အခြားသစ်တောများ ဆိုင်ရာ လုပ်ငန်းများ၊
- မွေးမြူရေးလုပ်ငန်း၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်ရေးနှင့် ဆက်စပ် ဝန်ဆောင်မှုလုပ်ငန်းများ
- ကုန်ထုတ်လုပ်မှုလုပ်ငန်းများ (စီးကရက်၊ အရက်၊ ဘီယာနှင့် ကျန်းမာရေးကို ထိခိုက်စေသော အခြားထုတ်ကုန်များ ထုတ်လုပ်ခြင်းမှအပ)
- စက်မှုဇုန်များကို တည်ထောင်ခြင်း
- မြို့ပြအသစ်များကို ထူထောင်ခြင်း
- မြို့တော်ဖွံ့ဖြိုးရေးလုပ်ငန်းများ
- လမ်းများ၊ တံတားများနှင့် ရထားလမ်းများ ဖောက်လုပ်ခြင်း
- ပင်လယ်ဆိပ်ကမ်းများ၊ မြစ်ဆိပ်ကမ်းများနှင့် ကုန်းတွင်းဆိပ်ကမ်းများ တည်ဆောက်ခြင်း
- လေဆိပ်များကို စီမံခန့်ခွဲခြင်း၊ လုပ်ငန်းလည်ပတ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း
- လေယာဉ်များကို ပြုပြင်ထိန်းသိမ်းခြင်း
- ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများ
- လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ သွယ်တန်းခြင်းနှင့် ဖြန့်ဖြူးပေးခြင်း
- ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းများ
- ဆက်သွယ်ရေးလုပ်ငန်းများ
- ပညာရေးဝန်ဆောင်မှုများ
- ကျန်းမာရေးဝန်ဆောင်မှုများ
- သတင်းအချက်အလက်နည်းပညာဝန်ဆောင်မှုများ
- ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ဆောင်မှုလုပ်ငန်းများ
- သိပ္ပံသုတေသန ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ
ထင်ရှားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ
မြစ်ဆုံတမံစီမံကိန်းလုပ်ငန်းအနေဖြင့် လျှပ်စစ် ထုတ်လုပ်မှုစွမ်းအား ၆၀၀၀ မဂ္ဂါဝပ် ကို ထုတ်လုပ်ပေးရန် ရည်ရွယ်ထားသော အဆိုပါစီမံကိန်းကို ၂၀၁၉ ခုနှစ်တွင် ပြီးစီးရန် စီစဉ်ထားပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ထုတ်လွှတ်ပေးရန်အတွက် အဓိက ရည်ရွယ်ထားခြင်းဖြစ်သည်။ အဆိုပါ စီမံကိန်းအတွက် စီမံကိန်းရေးဆွဲသူများဖြစ်ကြသော တရုတ်နိုင်ငံမှ ရင်းနှီးမြုပ်နှံသူများမှာ Yunnan International Power Investment Co., Ltd. နှင့်အတူ အဓိက ကန်ထရိုက်တာများမှာ China GezhoubaGroup၊ China Power Investment Corporation Materials and Equipment Co., Ltd., နှင့် Number 4 and 11 Bureaus of Sinohydro တို့ဖြစ်ကြသည်။ အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံတန်ဖိုးရှိသော ဒေသတွင်း အကြီးဆုံးရေအားလျှပ်စစ်စီမံကိန်းများအနက်မှ တစ်ခုအဖြစ် သတ်မှတ်ခြင်းခံထားရသည့် အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းအား သမ္မတဟောင်း ဦးသိန်းစိန်က ၂၀၁၁ ခုနှစ်တွင် ဆိုင်းငံ့ထားသည်။ စီမံကိန်းအား ပြန်လည်အကောင်အထည်ဖော်မည့် ကိစ္စနှင့်ပတ်သက်သည့် ကောလာဟလများသည် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ပေါ်ပေါက်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ထပ်မံပေါ်ပေါက်ခဲ့သော်လည်း ယနေ့အချိန်အထိ စီမံကိန်းကို ရပ်ဆိုင်း ထားရဆဲဖြစ်သည်။
မဲခေါင်မြစ်ဝှမ်းဒေသအောက်ပိုင်းတစ်ခွင်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၌ တူညီသော စီးပွားရေးလုပ်ငန်းလမ်းကြောင်းများကို ပြန်လည်ဆင်ခြင်သုံးသပ်ကာ မြန်မာနိုင်ငံသည် သတ္တုတူးဖော်ရေး လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ သယံဇာတတူးဖော်ရေး လုပ်ငန်းများ တွင် ရင်းနှီးမြှုပ်နှံမှုများကိုလည်းပြုလုပ်ရန် ဖိတ်ခေါ်ခဲ့သည်။ အဆိုပါစီမံကိန်းများအနက် ဥပမာတစ်ခုမှာ လက်ပံတောင်း ကြေးနီစီမံကိန်းလုပ်ငန်းပင်ဖြစ်သည်။ အဆိုပါစီမံကိန်းသည် မြန်မာနှင့် တရုတ်ဖက်စပ်လုပ်ငန်းဖြစ်သည့် မြန်မာဝမ်ပေါင်သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက် (MWMCL)၊ တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (MoNREC)အောက်ရှိ အစိုးရပိုင် သတ္တုတွင်းလုပ်ငန်း အမှတ် ၁ (ME-1) တို့အကြား ပူးပေါင်းဆောင်ရွက်ထားသည့် စီမံကိန်းတစ်ခုဖြစ်သည်။ တွင်းထွက်သယံဇာတများ အတွက် ပြည်တွင်းကုန်ကြမ်းများ ဖြည့်ဆည်းရန်နှင့် ရေရှည်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်စေ၍ အကြီးစား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးမည့် အလားတူ တင်ပို့မှုများကို မြှင့်တင်ရန် တို့အတွက် အဆိုပါစီမံကိန်းကို ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်သည်။
အဆိုပါ စီမံကိန်းနှစ်ခုစလုံးသည် ဒေသခံပြည်သူများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ (CSOs) ၏ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ စီမံကိန်းများ၏ ဂေဟစနစ်ဆိုင်ရာ သက်ရောက်မှုများနှင့် ပတ်သက်သည့် စိုးရိမ်မှုများ နှင့် မြန်မာနိုင်ငံရှိ နေထိုင်သူ အများအပြားမှာ လျှပ်စစ်မီး များမရရှိကြသေးသောအချိန်တွင် မြစ်ဆုံတမံမှ ထွက်ရှိသော လျှပ်စစ်ဓာတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့မည် ဟူသော အချက်အပေါ် ဝေဖန်မှုများ ရှိခဲ့သည်။ စီမံကိန်းနှစ်ခုစလုံးနှင့်ပတ်သက်၍ ထိခိုက်မှုရှိနိုင်သည့် ဒေသများတွင် နေထိုင်လျှက်ရှိသော ရပ်ရွာများကို အတင်းအကျပ် ပြောင်းရွှေ့နေရာချထားခြင်းကြောင့်လည်း ကန့်ကွက်မှုများ ရှိနေခြင်းဖြစ်သည်။
ဒေတာများ
မြန်မာနိုင်ငံရှိ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သည့် ဒေတာများကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) platformပေါ်တွင် သုံးလတစ်ကြိမ် နောက်ဆုံးအချက်အလက်ကို ထုပ်ပြန်ထားသည်။ The DICA platform ကို စစ်အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အောက်တွင် ထိန်းချုပ်ထားသည်။
ဆက်စပ်သော အခြားအကြောင်းအရာများ
- လာအို နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု
- ကမ္ဘောဒီးယား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု
- ဗီယက်နမ် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု
- အဆောက်အအုံ ဘဏ္ဍာရေးများ
- အထူးစီးပွားရေးဇုန်များ
References
- 1. ဟိန်းထူးဇံ၊ ၂၀၂၃. မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုသည် နှစ်တစ်နှစ်၏ ပထမသုံးလပတ်တွင် ၆၀% ကျဆင်းသွားသည်။. ၂၀၂၄ခုနှစ် မေ ၃၀ ရက်နေ့တွင် ဝင်ရောက်ခဲ့သည်။
- 2. မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ. ၂၀၁၆.
- 3. Reuters. ၂၀၂၂. အာဏာသိမ်းပြီးနောက် နိုင်ငံခြားကုမ္ပဏီများသည် မြန်မာနိုင်ငံမှ ရုတ်သိမ်းသွားခြင်း . ၂၀၂၄ခုနှစ် မေလ ၃၀ရက်နေ့တွင် ဝင်ရောက်ခဲ့သည်။
- 4. စီးပွားရေးနှင့် လူ့အခွင့်အရေး အရင်းမြစ်ဌာန ၂၀၂၃။ မြန်မာ- အာဏာသိမ်းရန်ကြိုးပမ်းပြီးနောက်ပိုင်း လုပ်ငန်းများကို ရုတ်သိမ်းခြင်း သို့မဟုတ် ရပ်ဆိုင်းသည့် ကုမ္ပဏီများအပေါ်စစ်တမ်းကောက်ယူမှု။ ၂၀၂၄ခုနှစ် မေလတွင် ဝင်ရောက်ခဲ့သည်။
- 5. Sebastian Strangio. ၂၀၂၁။ မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုသည် စီးပွားရေးတွင် သိသိသာသာကျဆင်းသွားစေသည်။ အစီရင်ခံစာ။ . ၂၀၂၄ခုနှစ် မေလတွင် ဝင်ရောက်ခဲ့သည်။.
- 6. Global New Light of Myanmar. 2024. စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံတွင် FDI ၏ ၂၉ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံမှုထားရှိသည်။ ၂၀၂၄ခုနှစ် မေလတွင် ဝင်ရောက်ခဲ့သည်။.
- 7. ထက်နိုင်ဇော်၊. ၂၀၁၈။. FDI သည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာသန်း၉၀၀ အထိကျဆင်းသွားခဲ့သည်။ ၂၀၂၄ခုနှစ် မေလတွင် ဝင်ရောက်ခဲ့သည်။.
- 8. Global New Light of Myanmar. ၂၀၂၄။ စင်ကာပူနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံတွင် FDI ၏ ၂၉ % ရှိသည်။ ၂၀၂၄ခုနှစ် မေလတွင် ဝင်ရောက်ခဲ့သည်။
- 9. Global New Light of Myanmar။ ၂၀၂၁။ Investments from ဟောင်ကောင် SAR မှ ရင်းနှီးမြှုပ်နှံမှု သည် (အောက်တိုဘာမှ-ဇန်နဝါရီလအထိ)လေးလအတွင်း ဒေါ်လာ ၈၇သန်းထိမြင့်တက်ခဲ့သည်။ . ၂၀၂၄ခုနှစ် မေလတွင် ဝင်ရောက်ခဲ့သည်။
- 10. Huaxia. ၂၀၂၃။ မြန်မာနိုင်ငံသည် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် FDI အနေဖြင့် ဒေါ်လာ ၁.၆၄ ဘီလီယံကျော်ဝင်ရောက်ခဲ့သည်။ ၂၀၂၄ခုနှစ် မေလတွင် ဝင်ရောက်ခဲ့သည်။