မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်းအကြောင်း သိကောင်းစရာ
စီးပွားရေးဖွံ့ဖြိုးမှုသည် မြန်မာနိုင်ငံအစိုးရ၏ ဦးစားပေးလုပ်ငန်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍသည် အဆိုပါ ရည်မှန်းချက် အောင်မြင်စေရန်အတွက် အရေးပါဝင်သည့် အခန်းကဏ္ဍအနေဖြင့် ပါဝင်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများသည် ရင်းနှီးမြှုပ်နှံမှုကို စွဲဆောင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းကို ဖန်တီးပေးခြင်း နှင့် လူမှုအသိုင်းအဝိုင်းနှင့် သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်မှ ကာကွယ်ပေးမည့် စီးပွားရေးလုပ်ငန်းအမျိုးအစားကို ပုံဖော် ရေးဆွဲကြသည်။ သို့သော် စီးပွားရေးပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ခဲ့သော်လည်း နိုင်ငံတစ်ဝှမ်းရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများက ငွေလုံလောက်မှု၊ အဆောက်အဦး နှင့် မရှင်းလင်းသောစည်းမျဉ်းစည်းကမ်းများစသည့် စိန်ခေါ်မှုများ နှင့် ရင်ဆိုင်နေရသည်။ အဆိုပါ စိန်ခေါ်မှုများကို မြန်မာနိုင်ငံအစိုးက စီးပွားရေးဆိုင်ရာ အုပ်ချုပ်မှုစနစ် တွင် တိုးတက်လာအောင်ဆောင်ရွက်ခြင်းဖြင့် ဖြေရှင်းခြင်း သို့မဟုတ် မူဝါဒရေးဆွဲသူများနှင့် တာဝန်ရှိများက ဖော်ေဆောင်ထားသည့် လမ်းစဉ်များက ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းအတွက် သင့်လျော်သည့် ဝန်းကျင်ဖြစ်လာစေခြင်းဖြင့် ဖြေရှင်းနိုင်သည်။ သို့သော် ယင်းကဲ့သို့ ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံတွင် စီးပွားရေးဆိုင်ရာ အုပ်ချုပ်မှုတွင် အားသားချက်၊ အားနည်းချက်များကို ရှာဖွေဖော်ထုတ်ရန် လိုအပ်ပြီး ပြုပြောင်းလဲရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်သည့်နည်းစနစ်ကို အသုံးပြုကာ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများကို ပံ့ပိုးပေးရန် ဖြစ်ပါသည်။
မြန်မာ့စီးပွားရေးဝန်းကျင် ညွှန်းကိန်းစီမံကိန်း (Myanmar Business Environment Index-MBEI) သည် မြန်မာနိုင်ငံ တွင် စီးပွားရေးဆိုင်ရာ အုပ်ချုပ်မှုကို ပိုမိုနားလည်စေရန် အစိုးရ၊ စီးပွားရေးလုပ်ငန်းများနှင့် အခြားကဏ္ဍအသီးသီးများ ကို ပံ့ပိုးပေးရန် နှင့် အနာဂတ်စီပွားရေးဖွံ့ဖြိုးမှုတွင် အားလုံးပါဝင်ဆောင်ရွက်နိုင်ရန်နှင့် ရေရှည်တည်တံ့နိုင်ရန် အထောက်အပံ့ဖြစ်ပါသည်။ MBEI သည် စီးပွားရေးဆိုင်ရာ အုပ်ချုပ်မှုစနစ် ညွှန်းကိန်း (EGI) ဖြစ်သည် သို့မဟုတ် ဒေသန္တရအဆင့် အာဏာပိုင်များ၏ စွမ်းဆောင်မှုအရည်အသွေးကို တိုင်းတာရာတွင် လည်းကောင်း၊ ကိန်းဂဏန်းအခြေပြု ညွှန်းကိန်းများမှတဆင့် ဒေသန္တရစီးပွာရေးဝန်းကျင်၏ တိုးတက်မှုကို အကဲဖြတ်ရာတွင်လည်းကောင်း အသုံးပြုနိုင်သည့်
အထူးပြု ညွှန်းကိန်းဖြစ်သည်။ EGI ကို အင်ဒိုနီးရှားနိုင်ငံ၊ သိရီလင်္ကာနိုင်ငံ၊ ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံ တို့တွင် အသုံးပြုခဲ့ပြီး စီးပွားရေးတိုးတက်မှုကို ပိုမိုနားလည်လာစေရန်၊ ရင်းနှီးမြှုပ်နှံမှုသူများ ဆွဲဆောင်လာစေရန် နှင့် အစိုးရနှင့် ပုဂ္ဂလိကကြား ဆွေးနွေးပွဲများတွင် တွင်ကျယ်စွာ လက်ခံ ကျင့်သုံးကြပါသည်။ ၂၀၁၇ ခုနှစ်တွင် ယူကေအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန (DFID) မှ ထောက်ပံ့သောရန်ပုံငွေ ဖြင့် အာရှဖောင်ဒေးရှင်းသည် ဓနအဖွဲ့အစည်းနှင့်အတူ သုံးနှစ်စီမံကိန်းဖြစ်သည့် မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်း စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ပြည်ထောင်စုအဆင့် နှင့် တိုင်းဒေသကြီး/ ပြည်နယ် အဆင့်တွင် စီးပွားရေးဆိုင်ရာ အုပ်ချုပ်မှုစနစ်ကို တိုင်းတာနိုင်ရန် Duke တက္ကသိုလ်ရှိ Development Lab နှင့် ပူးတွဲ၍ MBEI ကို ရေးဆွဲခဲ့ဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးဝန်းကျင်တွင် အားနည်းချက်များကို ဖော်ထုတ်ပြီး ပြုပြင် ပြောင်းလဲရေးကို လုပ်ဆောင်နိုင်ရန်အတွက် အခွင့်အလမ်းများကို ဖော်ထုတ်မည်ဖြစ်ပါသည်။
MBEI သည် မြန်မာနိုင်ငံတွင် စီးပွားရေးဆိုင်ရာ အုပ်ချုပ်မှုကို အညွှန်းခွဲ (၁၀) ခုမှ အချက်အလက်များကို စုစည်း၍ တိုင်းတာ ပါသည်။ အဆိုပါ အညွှန်းခွဲ (၁၀) ခုမှာ (၁)။ ကနဦးကုန်ကျစရိတ်၊ (၂)။မြေအသုံးချနိုင်မှု နှင့် လုံခြုံမှု၊ (၃)။ မှတ်ပုံတင်ခြင်း အလွန် စည်းမျဉ်းစည်းကမ်းများ၊ (၄)။ တရားမဝင် ပေးချေရမှု (၅)။ အခြေခံအဆောက်အအုံ၊ (၆)။ ပွင့်လင်း မြင်သာမှု၊ (၇)။ မူဝါဒရေးရာဆိုင်ရာ ဘက်လိုက်ခြင်း (၈)။ သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီမှုရှိခြင်း၊ (၉)။ အလုပ်သမား ခန့်အပ်ခြင်း နှင့် (၁၀)။ တရားဥပဒေ စိုးမိုးရေး တို့ဖြစ်သည်။ MBEI အညွှန်းခွဲတစ်ခုစီတွင် သုတေသနဆောင်ရွက်ခဲ့သည့် အချက်အလက်များနှင့် အစိုးရဌာနဆိုင်များ တွေ့ဆုံမေးမြန်းခြင်းမှ ရရှိလာသည့်အချက်အလက်များ ပေါင်းစပ်ထားသော အညွှန်း (၁၀) ခုခန့်ရှိပါသည်။ ၂၀၁၉ ခုနှစ် MBEI အတွက် အချက်အလက်များကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့နယ်ပေါင်း (၆၇) ခုမှ စီးပွားရေးလုပ်ငန်းပေါင်း (၄,၈၇၄)ခုမှ ကောက်ယူခဲ့ပါသည်။
မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်းသည် မြန်မာနိုင်ငံတွင် စီးပွားရေးဆိုင်ရာ အုပ်ချုပ်မှု အနေအထားကို ရှင်းလင်းစွာ ပံ့ပိုးပေးနိုင်မည်ဖြစ်သည့်အပြင် တိုင်းဒေသကြီး/ ပြည်နယ် နှင့် မြို့နယ်အဆင့်များတွင် မြန်မာနိုင်ငံ၏ စီးပွားရေးဝန်းကျင် အနေအထားကိုလည်း တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ ၂၀၂၀ ခုနှစ်တွင် အာရှဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံ စီးပွားရေးဆိုင်ရာ အုပ်ချုပ်မှုပိုင်းတွင် အသစ်ထပ်မံတွေ့ရှိချက်များ နှင့် ပြောင်းလဲမှုများကို ခြေရာခံရန်အတွက် ဒုတိယအကြိမ်မြောက် သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ စစ်တမ်းကောက်ယူခဲ့သော အချက်အလက်များသည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့နယ်ပေါင်း (၇၆) ခုမှ စီးပွားရေးလုပ်ငန်းပေါင်း (၅,၆၀၅)ခုမှ ကောက်ယူခဲ့ခြင်းဖြစ်ပါသည်။ မြို့နယ်၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်အလိုက် MBEI အချက်အလက်များနှင့် MBEI ၏ နည်းစနစ်ကို ၂၀၂၀ ခုနှစ် အစီအရင်ခံစာတွင် အသေးစိတ်ရှင်းလင်းတင်ပြထားပါသည်။ ဆုံးဖြတ်ချက်ပြုလုပ်သူများအတွက် ပိုကောင်းသောစီးပွားရေးအမြင်များ ပံ့ပိုးနိုင်ရန် သုတေသနနည်းစနစ်ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများနှင့် ညွှန်ကိန်းအသစ်များအား ၂၀၂၀ ခုနှစ် MBEI တွင် ထည့်သွင်းထားပါသည်။