ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက်ကပ်ရောဂါ နှင့် ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲ

နိဒါန်း

မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်၊  နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေပါသည်။1 အချို့က ဤရွေးကောက်ပွဲကို မြန်မာနိုင်ငံ၏ တတိယအကြိမ်မြောက် ပါတီစုံရွေးကောက်ပွဲအဖြစ် သတ်မှတ်ကြသော်လည်း2 ပြည်ပ လေ့လာအကဲခတ်သူများကမူ ဒုတိယအကြိမ်မြောက်ပါတီစုံရွေးကောက်ပွဲအဖြစ် ရှုမြင်ထားကြပါသည်။3  လက်ရှိလွှတ်တော်၏ သက်တမ်းသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီပေါင်း ၉၃ ခု ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်၍ ၎င်းပါတီများအနက် ၄၇ ခုကို တိုင်းရင်းသား လူမျိုးစုများက ဦးဆောင်နေကြပါသည်။4  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဆိုင်ရာဥပဒေအရ (၃၀.၉.၂၀၁၄ ရက်နေ့အထိ ပြင်ဆင်ထားသည့်အတိုင်း ပုံနှိပ်ထုတ်ဝေခြင်း)5 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က နိုင်ငံရေးပါတီ ၉ ခုကို ပယ်ဖျက်ခဲ့ပါသည်။6

လွှတ်တော်များနှင့်ပတ်သက်သည့်အကြောင်းအရာများ

ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်နေရာ စုစုပေါင်း ၁၁၅၇ ခု ရှိရာ အမျိုးသားလွှတ်တော် (အထက် လွှတ်တော်) အတွက် ၁၆၈ နေရာ၊ ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) အတွက် ၃၃၀ နေရာနှင့်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော်များအတွက် ၆၅၉ နေရာ အသီးသီးပါဝင်ကြပါသည်။7 မြန်မာနိုင်ငံ သတင်းအချက်အလက်စီမံခန့်ခွဲရေးဌာန (MIMU) မှ ပြင်ဆင်ရေးဆွဲထားသည့် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ လွှတ်တော် ၃ ရပ်အတွက် မဲဆန္ဒနယ်မြေ နယ်နိမိတ်သတ်မှတ်ချက်မြေပုံများတွင် မဲဆန္ဒနယ်မြေအသီးသီး၌ ပါဝင်သည့်မြို့နယ်များကို ထင်ရှားစွာပြသထားပါသည်။8

ယခင်ရွေးကောက်ပွဲများနှင့် ပတ်သက်သည့်သတင်းအချက်အလက်များနှင့် လွှတ်တော်နေရာအမျိုးမျိုး အပေါ် ၎င်းတို့၏ သက်ရောက်မှုများကို ဤနေရာ ၌ လေ့လာကြည့်ရှုနိုင်ပါသည်။

မြန်မာနိုင်ငံရှိ မဲဆန္ဒရှင်များ

အမည်စာရင်းစိစစ်ကောက်ယူမှုများအရ တရားဝင်မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စုစုပေါင်းသည် ၃၇ သန်းရှိ၍ ၎င်းအရေအတွက်သည် ၂၀၁၉ ခုနှစ်၊ မြန်မာနိုင်ငံစုစုပေါင်းလူဦးရေ  ၅၄.၈ သန်း9 ၏ ၆၇.၅ ရာခိုင်နှုန်း ဖြစ်ပါသည်။ ၎င်းတို့အနက် မဲဆန္ဒရှင် ၅ သန်းသည် ပထမဆုံးအကြိမ်အဖြစ် မဲစတင်ပေးကြမည့်သူများ ဖြစ်ပါသည်။ ရန်ကုန်တိုင်းမှ စာရင်းစိစစ်ကောက်ယူထားသည့် မဲဆန္ဒရှင်အရေအတွက်သည် တစ်နိုင်ငံလုံးမှ စိစစ်ကောက်ယူထားသည့် မဲဆန္ဒရှင်စုစုပေါင်း၏ ၁၂ ရာခိုင်နှုန်းခန့် ရှိပါသည်။10 အဆိုပါမဲဆန္ဒရှင် အရေ အတွက်စာရင်းတွင် တပ်မတော်သားများနှင့် ၎င်းတို့၏မိသားစုဝင်များ ပါဝင်ခြင်းမရှိပါ။ တပ်မတော်မှ ၎င်းတို့ ၏ မဲဆန္ဒရှင်အရေအတွက် ကိုယ်ပိုင်စာရင်းကို ၎င်းတို့ကိုယ်တိုင်သီးခြားပြုစုထား၍ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှလည်း ထုတ်ပြန်ကြေညာထားခြင်းမရှိပါ။11

ဆန္ဒမဲပေးပိုင်ခွင့်အရည်အချင်းပြည့်မီစေရန်အတွက်  ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် ပြည့်ရန်၊  လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေစည်းမျဉ်းများကို ချိုးဖောက်ခြင်းမရှိသည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူတစ်ဦး ဖြစ်ရန်၊ သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲစာရင်းတွင် ပါဝင်သူဖြစ်ရန် လိုအပ်ပါသည်။12

ဖြစ်နိုင်ခြေရှိသည့်ကိစ္စရပ်များ

မြန်မာနိုင်ငံ၏ ယခင်အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပခဲ့ပြီး မဲပေးခွင့် ရှိသူစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းမှ ဆန္ဒမဲပေးခဲ့ကြပါသည်။ အဆိုပါရွေးကောက်ပွဲတွင် ပေါ်ပေါက်ခဲ့သည့် ကိစ္စ ရပ်များသည် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၏ တရားမျှတ၊ သမာသမတ်ကျမှု အထူးသဖြင့် အထက် လွှတ်တော်နှင့် အောက်လွှတ်တော် ကိုယ်စားလှယ်နေရာအချိုးကျစနစ်နှင့် ပတ်သက်ဆက်နွှယ်ခဲ့ပါသည်။13

၎င်းနောက် ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တွင် ကြားဖြတ်ရွေးကောက်ပွဲများကို ကျင်းပခဲ့ပါသည်။ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားစုစုပေါင်း၏ ၃၇ ရာခိုင်နှုန်း လာရောက်မဲပေးခဲ့ကြပြီး ၂၀၁၈ တွင်မူ ၄၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါသည်။ 

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) က “၂၀၂၀ ခုနှစ်အတွက် နိုင်ငံသားများ၏ နိုင်ငံရေးမျှော်မှန်းချက်” ဟူ၍ လူထုသဘောထားစစ်တမ်းကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း ထုတ်ပြန်ခဲ့ပါသည်။14 အဆိုပါစစ်တမ်းအရ သဘောထားကောက်ယူခဲ့သည့် နိုင်ငံသားစုစုပေါင်း၏ ၃ ပုံ ၁ ပုံသည် နိုင်ငံရေး ကိစ္စရပ်များကို စိတ်ပါဝင်စားကြောင်း တွေ့ရှိရပြီး ၎င်းတို့အနက် ၄၂ ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်၍ ၂၇ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ပါသည်။ သဘောထားစစ်တမ်းကောက်ယူခဲ့သည့် နိုင်ငံသားစုစုပေါင်း၏ ၃၇ ရာခိုင်နှုန်းက နိုင်ငံသည် မှန်ကန်သည့်လမ်းကြောင်းပေါ်တွင် ဦးတည်နေသည်ဟု ယူဆကြပြီး ၈ ရာခိုင်နှုန်းကမူ မှားယွင်းသည့်လမ်းကြောင်းသို့ ဦးတည်နေသည်ဟု ထင်မြင်ကြောင်း တွေ့ရှိရပါသည်။ စစ်တမ်းကောက်ယူမှုတွင်ဖြေကြားသူ စုစုပေါင်း၏ ၄၈ ရာခိုင်နှုန်းက ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် သေချာပေါက်ဆန္ဒမဲပေးမည်ဟု ဖြေဆိုကြပြီး ရန်ကုန်ရှိ သဘောထား ကောက်ခံရရှိသူ စုစုပေါင်း၏ ၅၁ ရာခိုင်နှုန်းကလည်း ထိုသို့ပင် ဆန္ဒမဲပေးမည်ဟု ပြောကြားပါသည်။ သဘောထားဆန္ဒကောက်ခံသူစုစုပေါင်း၏ ၅၂ ရာခိုင်နှုန်းက ဆန္ဒမဲပေးရန် သေချာခြင်းမရှိ ဟုဆိုကြပြီး ၎င်းတို့အနက် ၃၀ ရာခိုင်နှုန်းမှာ နိုင်ငံရေးကိစ္စရပ်များတွင် စိတ်ဝင်စားမှုအားနည်းခြင်း၊ ၁၁ ရာခိုင်နှုန်းတွင် နိုင်ငံသားစိစစ်ရေးကတ်မရှိခြင်း၊ ၁၄ ရာခိုင်နှုန်းမှာ မဲဆန္ဒရှင်စာရင်းတွင် အမည်မပါခြင်း၊ နှင့် ၈ ရာခိုင်နှုန်းမှာ မဲရုံမှ အလွန်ဝေးကွာသည့်အရပ်တွင်နေထိုင်ခြင်း စသည့် အကြောင်းရင်းများကို တွေ့ရှိရပါသည်။

ပုံ ၁ – ဆန္ဒမဲပေးခြင်း၊ နိုင်ငံ၏ လက်ရှိဦးတည်ရာလမ်းကြောင်းနှင့် နိုင်ငံရေးတွင်စိတ်ပါဝင်စားမှု အပေါ် နိုင်ငံသားများ၏ သဘောထားအမြင်။ Created by ODM. Licensed under CC BY-SA 4.0.

မြန်မာ့လူ့အဖွဲ့အစည်း၏ အခြားသွင်ပြင်လက္ခဏာတစ်ရပ်မှာ အရှေ့တောင်အာရှဒေသအတွင်း၌ အမျိုးသမီး များနှင့်ပတ်သက်သည့် ရှေးရိုးစွဲအကျဆုံး သဘောထားအမြင်အချို့ကို ကိုင်စွဲလျက်ပင်ရှိသေးသည် ဟူသည့် အချက် ဖြစ်ပါသည်။15 ဆိုလိုသည်မှာ  အမျိုးသမီးများသည် (ခြွင်းချက်အနေဖြင့် နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အပ) အခြေခံအားဖြင့် ပြည်သူ့ရေးရာအခန်းကဏ္ဍတွင် ပါဝင်မှုအားနည်းကြပါသည်။ မြန်မာနိုင်ငံရှိ ပြည်သူအများစုသည် ကျား/မရေးရာကဏ္ဍများနှင့် အမျိုးသမီးများ၏ရပိုင်ခွင့်များအပေါ်တွင် မညီမျှသော သဘောထားအမြင်များကို ကိုင်စွဲထားကြပါသည်။ အာရှဖောင်ဒေးရှင်း (Asia Foundation) ၏ ၂၀၁၄ သဘောထားစစ်တမ်းတစ်ခုအရ ဖြေဆိုသူ ၃၀၀၀ အနက် အများစုက အမျိုးသားများသည် အမျိုးသမီးများထက် သာလွန်သောနိုင်ငံရေးခေါင်းဆောင်များဖြစ်နိုင်သည်ဟု ယုံကြည်ကြောင်း သိမှတ်ရပါသည်။16 ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံအထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၆,၉၆၉ ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ၎င်းတို့တွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁,၁၂၂ ဦး (ကိုယ်စားလှယ်လောင်းစုစုပေါင်း၏ ၁၆ ရာခိုင်နှုန်း) 17 ပါဝင်သောကြောင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသမီးကိုယ်စားလှယ်လောင်းအရေအတွက် ၁၃ ရာခိုင်နှုန်း (ကိုယ်စားလှယ်လောင်းစုစုပေါင်း ၆,၀၃၉ ဦးတွင် အမျိုးသမီး ၈၀၀ ဦး) ထက် ပိုမိုမြင့်တက်လာကြောင်း တွေ့ရှိရပါသည်။18

ကိုဗစ် –၁၉ ကူးစက်ရောဂါသည် လာမည့်အထွေထွေရွေးကောက်ပွဲအပေါ်တွင် ထိခိုက်၊သက်ရောက်မှု ရှိနိုင်ပါသလား

မြန်မာနိုင်ငံအတွင်း ကိုဗစ်ရောဂါပြည်တွင်းကူးစက်မှုသည် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုကာလ စတင်သည့် ၂၀၂၀ခုနှစ်၊ စက်တင်ဘာ ၈ ရက် မတိုင်မီ ရက်သတ္တပတ် အနည်းငယ်မျှသာအလို ဩဂုတ်လလယ် ခန့်တွင် တစ်ဖန် ပြန်လည်ဖြစ်ပေါ်ခဲ့ပါသည်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကာလကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၆ ရက် နေ့လည် ၁၂ နာရီအထိ ရက်ပေါင်း ၆၀ သတ်မှတ်ထားပါသည်။19 အထွေထွေရွေးကောက်ပွဲကို မူလစီစဉ်သတ်မှတ်ထားသည့်အချိန်အတိုင်း ကျင်းပသွားမည်ဖြစ်ပါသည်။ 

ကိုဗစ်-၁၉ ကူးစက်ရောဂါကို ထည့်သွင်းသုံးသပ်၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအပေါ် ပြင်ဆင်၊ ဖြည့်စွက်၊ မွမ်းမံမှုအချို့ ပြုလုပ်ထားပါသည်။ အချို့နေရာဒေသများတွင် (အရေးပေါ်ကိစ္စမရှိပါက) မိမိတို့၏အိမ်၌သာနေထိုင်ရမည့် (Stay-at-Home) ညွှန်ကြားချက်/ အမိန့်အပါအဝင် အစိုးရ၏ကန့်သတ်ချက်များ ဆက်လက်သက်ရောက်နေဆဲ ဖြစ်ပါသည်။20 ဤသို့သောနေရာဒေသများတွင် ရွေးကောက်ပွဲမဲစုဝေးခြင်းများ ရပ်ဆိုင်းထားရသောကြောင့် မဲဆန္ဒရှင်များ၏ နိုဝင်ဘာအထွေထွေရွေးကောက်ပွဲအပေါ် စိတ်အားထက်သန်မှုများ လျော့ကျနိုင်ခြေရှိပါသည်။ မိမိတို့နေထိုင်ရာနေအိမ်မှ အပြင်သို့လုံးဝထွက်ခွင့်မပြုသည့် (Lock-Down) အခြေအနေများသည်လည်း မဲဆန္ဒရှင်များ၏ သက်ဆိုင်ရာမဲရုံသို့သွား၍ မဲပေးနိုင်စွမ်းအပေါ် အကန့်အသတ် ဖြစ်စေပါသည်။ သို့ရာတွင် Online ဖြင့်မဲဆွယ်စည်းရုံးမှုများ၊ ကြော်ငြာစာရွက်များဖြန့်ဝေမှုနှင့် အလံများနှင့် ကြော်ငြာစာရွက်များ လွှင့်ထူ/တပ်ဆင်မှုများကိုမူ ဆက်လက် လုပ်ဆောင်လျက်ရှိပါသည်။ ထို့အပြင် မဲဆွယ်စည်းရုံးပွဲများကျင်းပရာတွင် အများဆုံး လူအယောက် (၅၀) သာ စုရုံးရန်နှင့် ရွေးကောက်ပွဲ ကျင်းပရေး စံလုပ်ငန်းလမ်းညွှန် အမှတ် (၁) မဲဆွယ်စည်းရုံးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာရန်အချက်များ21နှင့် စံလုပ်ငန်းလမ်းညွှန် အမှတ် (၂) မဲရုံပြင်ဆင်မှု၊ မဲရုံဝန်ထမ်းများနှင့် မဲဆန္ဒရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်များ22 နှင့် အညီ ဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (MoHS) မှ အမိန့်/ညွှန်ကြားချက် ထုတ်ပြန်ထားပါသည်။ 

ရွေးကောက်ပွဲများတွင် သတင်းအချက်အလက်ရယူနိုင်ခြင်းသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင် နေသည့်အပြင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် သတင်းအချက်အလက်များ လက်လှမ်းမှီရယူနိုင်ရေးသည် ပို၍ပင်အရေးပါလာသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးသတင်းများရရှိနိုင်သည့် အဓိကရင်းမြစ်သည် မြန်မာ့ရေဒီယိုနှင့် ရုပ်မြင်သံကြား (MRTV) ဖြစ်ပါသည်။23 အခြားသတင်းရင်းမြစ်များတွင် သတင်းစာများနှင့် သတင်းဂျာနယ်များပါဝင်ပါသည်။ လူမှုသတင်းကွန်ယက်သည်လည်း လူကြိုက်များသည့် သတင်းရင်းမြစ်တစ်ခု ဖြစ်ပါသည်။ သို့ရာတွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်အချို့တွင် ၂၀၁၉ ခုနှစ်၊ ဇွန်လမှစတင်၍ အစိုးရမှ အင်တာနက်ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားမှုကြောင့် Online သတင်းအချက်အလက် ကန့်သတ်မှုများနှင့် ကြုံတွေ့နေရပါသည်။24 အဆိုပါအရပ်ဒေသများတွင် မြန်မာ့တပ်မတော်နှင့် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များအရ အင်တာနက်ဖြတ်တောက်ထားရခြင်း ဖြစ်သည်ဟု အစိုးရက ပြောကြားပါသည်။ ဤကဲ့သို့ သတင်းအမှောင်ချထားမှုများကြောင့် အဆိုပါဒေသများရှိ ပြည်သူလူထုအနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကူးစက်ကပ်ရောဂါနှင့် ပတ်သက်သည့် နောက်ဆုံးသတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ လက်လှမ်းမှီသိရှိနိုင်ရန် အကန့်အသတ် ရှိနေပါသည်။ အင်တာနက်ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားသည့် အချိန်ကာလအတိုင်းအတာ နှင့်ပတ်သက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်းမရှိပါ။ 

ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင် အမှတ်စဉ် ၁၆25 ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် ခိုင်မာသည့်အဖွဲ့အစည်းများ အားကောင်းရေး၏ အဓိကရည်ရွယ်ချက်သည် နိုင်ငံတွင်းဥပဒေပြဌာန်းချက်များ၊ နိုင်ငံတကာ သဘောတူညီချက်များနှင့်အညီ ပြည်သူလူထု၏ သတင်းအချက်အလက်များ လက်လှမ်းမီသိရှိပိုင်ခွင့်ကို အာမခံချက် ရှိစေရန်နှင့် အခြေခံလွတ်လပ်ခွင့်များကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ပါသည်။ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များ (SDGs) ကို ဦးတည်ဆောင်ရွက်နေသော်လည်း အင်တာနက်ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားရခြင်းက မြန်မာအစိုးရ၏ အဆိုပါရည်မှန်းချက်ပန်းတိုင်ကို ထမြောက်အောင်မြင်စေမည့် စွမ်းရည်ကို အကဲစမ်းနေသည့်အခြေအနေတွင် ရှိနေပါသည်။ 

လက်ရှိဆောင်ရွက်နေသောလုပ်ငန်းစဉ်များ

 အချို့ပါတီများသည် COVID-19 ကြောင့် ရွေးကောက်ပွဲကိုရွှေ့ဆိုင်းရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အား တောင်းဆိုခဲ့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာတို့နှင့်စပ်လျဉ်း၍  ကြေညာချက် အမှတ် (၁၇၃/၂၀၂၀)26 တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စံလုပ်ငန်းလမ်းညွှန်နှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကို ထည့်သွင်းထားပါသည်။ COVID-19 ပြန့်ပွားမှုကို ကာကွယ်ရန် အထူးမဲပေးခြင်း လုပ်ငန်းစဉ်များကိုလည်း ထည့်သွင်းစဉ်းစားထားပါသည်။ မဲဆန္ဒရှင်များကို အကူအညီပေးရန် မဲရုံအပြင်အဆင်နှင့် မဲပေးသည့်အဆင့်များအား ပြသထားသည့် ပိုစတာများ27၌ အဆိုပါလုပ်ငန်းစဉ်များကို ဖော်ပြထားပါသည်။ မဲရုံဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးထားပြီး ထိုလုပ်ငန်းစဉ်ကို စမ်းသပ်ဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

ပုံ ၂ – ရွေးကောက်ပွဲနေ့၌ မဲရုံတွင် ဆန္ဒမဲပေးသည့်လုပ်ငန်းစဉ်များကို ပြသထားသည့် UEC ပိုစတာ

ပုံ ၃ – ရွေးကောက်ပွဲနေ့၌ မဲရုံတွင် ဆန္ဒမဲပေးသည့်လုပ်ငန်းစဉ်များကို ပြသထားသည့် UEC ပိုစတာ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အာရှဖောင်ဒေးရှင်း (Asia Foundation) နှင့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (International IDEA) တို့မှ မိုဘိုင်းအပလီကေးရှင်း mVoter ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် စတင်ဖွင့်လှစ် ပေးခဲ့ပါသည်။28 mVoter 2020 application တွင် ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီများ၊ ဆန္ဒမဲပေး သည့်လုပ်ငန်းစဉ်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသော အခြားသတင်းအချက် အလက်များကို ဖော်ပြထားပါသည်။ ၎င်းသည် COVID-19 ကူးစက်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း မဲဆန္ဒရှင်များအတွက် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို ရယူနိုင်ရန် ရည်ရွယ်ထား ခြင်းဖြစ်ပါသည်။ သို့သော် ကိုယ်စားလှယ်လောင်းများ၏ လူမျိုးနှင့် ဘာသာကို ဖော်ပြထားသောကြောင့် ဝေဖန်ခြင်းကို ခံခဲ့ရပါသည်။ ဤအပလီကေးရှင်းတွင် ရိုဟင်ဂျာများကိုယ်တိုင် နှစ်သက်စွာသုံးနှုန်းသော “ရိုဟင်ဂျာ” အစား    မြန်မာအစိုးရနှစ်သက်သော “ဘင်္ဂါလီ” ဟူသည့် ဝေါဟာရကို သုံးနှုန်းထားပါသည်။ ၎င်းကို  မောင်တော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် ဒိုစ်မူဟာမက် (ခေါ်) အေးဝင်း ၏ ကိုယ်ရေး အချက်အလက်တွင် တွေ့မြင်နိုင်ပါသည်။29

မည်သည်တို့ကို ထပ်မံဆောင်ရွက်နိုင်မည်နည်း။ မည့်သည့်အချက်အလက်ကွာဟချက်များ ရှိပါသနည်း။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခွင့်ရသူများ၏ ပထမဦးဆုံးမဲစာရင်းကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လနှင့် သြဂုတ်လတို့တွင် ကြေညာခဲ့သည်။ ဤစာရင်းသည် သန်းခေါင်စာရင်း၊ အမျိုးသားမှတ်ပုံတင်ကဒ်ပြားနှင့် တစ်အိမ်တက် တစ်အိမ်ဆင်း စစ်တမ်းကောက်ယူမှုများမှ အချက်အလက်များအပေါ် အခြေခံထားခြင်းဖြစ်ပါသည်။ မဲဆန္ဒရှင်စာရင်းတွင်ပါဝင်သည့် မတိကျမှုများသည် ဤအချက်အလက်အစုများ၏ မတိကျမှုများကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံရှိ ပြည်သူအားလုံးကို ကိုယ်စားမပြုပါ။  ၎င်းအချက်အလက်များတွင် လူမျိုးစုအမျိုးအစား30 ကွဲပြားခြားနားမှုများအပြင် အချက်အလက်စုဆောင်းခြင်း၊ စိစစ်အတည်ပြုခြင်းနှင့် ဒစ်ဂျစ်တယ်နည်းစနစ်ဆိုင်ရာ အမှားများ ပါဝင်ပါသည်။31 လူဦးရေတစ်သန်းကျော်သည် မဲဆန္ဒရှင်စာရင်းတွင် သက်ရောက်လျက်ရှိသော  လတ်တလော သန်းခေါင်စာရင်း ကောက်ယူမှုတွင် ပါဝင်မှုမရှိခဲ့ပေ။32 ကနဦး ကြေညာထားသောမဲဆန္ဒရှင်စာရင်းကို အခြေခံ၍ အမှားအယွင်းများနှင့် ကန့်ကွက်မှုများအား ခွဲခြားသတ်မှတ်နိုင်ရေးအတွက် သက်ဆိုင်ရာကိစ္စအလိုက် ပုံစံများ ကို အသုံးပြုတောင်းဆိုရန် မဲဆန္ဒရှင်များအား ညွှန်ကြားထားပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၎င်းတို့၏ website နှင့် Facebook page တွင် မဲစာရင်းစစ်ဆေးခြင်းလုပ်ငန်းစဉ်ကို ဖော်ပြပေးထားပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်စာရင်းအရ ကနဦးမဲဆန္ဒရှင်စာရင်းကို မြန်မာနိုင်ငံလူဦးရေစုစုပေါင်း၏ ၁၂% ဖြစ်သော လူဦးရေ ၆.၆ သန်း33က စစ်ဆေးခဲ့ပါသည်။  

အဆိုပါတောင်းဆိုချက်များကိုအခြေခံ၍ မဲဆန္ဒရှင်စာရင်း၏ ဒုတိယနှင့်နောက်ဆုံးပြင်ဆင်မှုကို ၂၀၂၀ခုနှစ်၊ အောက်တိုဘာလ ၁ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ ၎င်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးများတွင် ၁၄ ရက်ကြာ သွားရောက်ကြည့်ရှုနိုင်ပါသည်။34 ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၏ web and mobile application မှလည်း ရရှိနိုင်ပြီး မဲဆန္ဒရှင်များအနေဖြင့် ဤအပလီကေးရှင်းကို အသုံးပြု၍ ပြင်ဆင်မှုများနှင့် ကန့်ကွက်မှုများပြုလုပ်နိုင်ပါသည်။  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်နယ်နှင့်တိုင်းဒေသကြီးများအတွက် သီးခြား web applications for states and regions သာမက ရန်ကုန်တိုင်းဒေသကြီးအတွက်ပါ အပလီကေးရှင်းကို ရေးဆွဲထားပါသည်။  သို့သော် မြန်မာနိုင်ငံရှိ လူအများစုသည် အဆိုပါနည်းလမ်းများကို အသုံးမပြုတတ်ကြပေ။  ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံသား ၅၉ ရာခိုင်နှုန်းသာ စမတ်ဖုန်းနှင့် အင်တာနက်ကို အသုံးပြုကြပြီး ၁၅ ရာခိုင်နှုန်း သည် အသုံးမပြုနိုင်ကြသေးပေ။35

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲနှင့် သက်ဆိုင်သောသတင်းများနှင့် အချက်အလက်များကိုသာမက လွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကိုလည်း ၎င်းတို့၏ဖေ့စ်ဘွတ်ခ်နှင့် နိုင်ငံပိုင်သတင်းစာများတွင် တင်ထားပါသည်။ ကော်မရှင်သည် မဲပေးသည့်အကြိမ်အရေအတွက်၊ မဲပေးခြင်း သို့မဟုတ် ရွေးကောက်ပွဲကို နှောင့်ယှက်ခြင်းများအတွက် ပြစ်ဒဏ်များနှင့်ပတ်သက်သော ပုဒ်မ ၅၈ (ဃ) နှင့် ၅၉ (ဆ)ကို အာရုံစိုက်စေပါသည်။ ပွင့်လင်းမြင်သာသောအစိုးရကို ထောက်ခံအားပေးသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည့် အာနန္ဒာက ထိုကဲ့သို့သော ဥပဒေရေးရာအချက်အလက်များကို ပို့စ်တင်ခြင်းသည် ကော်မရှင်၏ မဲပေးရန် အားပေးသည့် နည်းလမ်းတစ်ခုအဖြစ် အနက်ဖွင့်နိုင်သည်ဟု မှတ်ချက်ပြုခဲ့သည်။36 တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂသည် လာမည့် ရွေးကောက်ပွဲများကို သပိတ်မှောက်ရန် “မဲမပေးရေး” ဟုခေါ်သည့် မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုကို ဆောင်ရွက်နေပါသည်။37  ဤအဖွဲ့အစည်းက ရွေးကောက်ပွဲများသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပသောကြောင့် ဒီမိုကရေစီနည်းလမ်းမကျဟု ယုံကြည်ပါသည်။ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ မမှန်ကန်သော၊ အခြေအမြစ်မရှိသော သတင်းအချက်အလက်များကို ဖြန့်ချိ၊ ထုတ်လွှင့်ခြင်းသည် သက်ဆိုင်ရာလွှတ်တော်ရွးကောက်ပွဲဥပဒေပုဒ်မ ၅၈ (ဃ)နှင့် ညိစွန်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်တွင် ကြေညာခဲ့ပါသည်။38 ထို့ပြင် လတ်တလော၌ ဆန္ဒမဲ ၂ ကြိမ်ပေးခြင်းနှင့် အမှန်ခြစ်တံဆိပ်တုံးအတု ပေးခြင်းတို့ကြောင့် အမျိုးသမီး ၂ ဦးကို လွှတ်တော်ရွးကောက်ပွဲဥပဒေပုဒ်မ ၅၉ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမှုဖွင့်အရေးယူထားပါသည်။39

အရည်အချင်းပြည့်မီသောမဲဆန္ဒရှင်ဖြစ်ရန် လိုအပ်သောအရည်အချင်းများကြောင့် ရွာနှင့်စခန်းများတွင် နေထိုင်သော ရိုဟင်ဂျာများအပါအဝင် ထောင်ပေါင်းများစွာသော ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များသည် မဲမပေးနိုင်ကြပေ။ ရွေးကောက်ပွဲဥပဒေ40 အရ နိုင်ငံသားဖြစ်ရန်လိုအပ်ချက်ကြောင့် ၂၀၂၀ ရွေးကောက်ပွဲအတွက်41 ရိုဟင်ဂျာကိုယ်စားလှယ် ၁၂ ဦး အနက် ၆ ဦးကို ငြင်းပယ်ခြင်းနှင့်ပတ်သက်၍ ထပ်မံအငြင်းပွားစရာများ ပေါ်ပေါက်ခဲ့ပါသည်။ ထို့ကြောင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ ရိုဟင်ဂျာများအတွက် တရားမျှတမှု မရှိခြင်းကြောင့် ၂၀၂၀ ရွေးကောက်ပွဲသည် နိုင်ငံတကာစံနှုန်းများနှင့် မကိုက်ညီဟု မှတ်ချက်ပြုခဲ့ပါသည်။42 ၂၀၂၀ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး ၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ မဲဆန္ဒနယ်မြေများတွင် လွတ်လပ်၍ တရားမျှတသော  ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိခြင်းကြောင့် ရွေးကောက်ပွဲများ မကျင်းပနိုင်ကြောင်း ကြေညာခဲ့သည်။43  ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်အချို့သည် ရှမ်းပြည်နယ်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီးနှင့် ဒေသများတွင်တည်ရှိပြီး အောက်ဖော်ပြပါဇယားတွင် ဤမြို့နယ် ၉ ခုကိုဖော်ပြထားပါသည်။

ဇယား – ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီးနှင့် ဒေသများရှိ ရွေးကောက်ပွဲမကျင်းပမည့် ဒေသများမှ မြို့နယ်များ 

စဉ်

ဖော်ပြချက်များ

ပြည်နယ်/ တိုင်းဒေသကြီး

ခရိုင်

မြို့နယ်

ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း

ရှမ်းပြည်နယ်

ဟိုပန်

ဟိုပန်

ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း

ရှမ်းပြည်နယ်

ဟိုပန်

မိုင်းမော

ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း

ရှမ်းပြည်နယ်

ဟိုပန်

ပန်ဝိုင်(ပန်ဝေ)

ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း

ရှမ်းပြည်နယ်

ဟိုပန်

မက်မန်း(မက်မန်း)

ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း

ရှမ်းပြည်နယ်

ဟိုပန်

နမ့်ဖန် (နားဖန်း)

ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း

ရှမ်းပြည်နယ်

ဟိုပန်

ပန်ဆန်း(ပန်ခမ်)

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

ရှမ်းပြည်နယ်

လောက်ကိုင်

ကုန်းကြမ်း

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

ရှမ်းပြည်နယ်

ကျောက်မဲ

မန်တုံ

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

ရှမ်းပြည်နယ်

ကျောက်မဲ

နမ့်ဆန်

၂၀၂၀ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲ မကျင်းပသော နေရာများစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာခဲ့ပါသည်။44 သို့ရာတွင် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အစီရင်ခံစာအရ  ရခိုင်ပြည်နယ်ရှိ ကျေးရွာအုပ်စု ၇ ခုနှင့် ရှမ်းပြည်နယ်ရှိ ရပ်ကွက် ၁ ခုနှင့် ကျေးရွာအုပ်စု ၂ ခုတို့ကို ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်းမှ ၂၀၂၀ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခဲ့ပါသည်။45

အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များသည် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက် မှ နိုဝင်ဘာလ ၅ ရက်အထိ ကြိုတင်မဲပေးနိုင်ပြီး ထိုသို့ကြိုတင်မဲပေးရာတွင် မဲစာအိတ်ပိတ်ခြင်း၊ မဲလက်မှတ် အမှန်ခြစ်ခြင်းနှင့်ပတ်သက်၍ အမှားအယွင်းများဖြစ်ပေါ်နိုင်သောကြောင့် ပယ်မဲအဖြစ် သတ်မှတ်မည်မဟုတ်သည့် အခြေအနေများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါသည်။46 ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးခြင်းတို့ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက် ည ၁၂း၀၀ နာရီမှ နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲ ကျင်းပပြီးသည်အထိ ရပ်နားရပါမည်။ 47 ဤရပ်နားကာလအတွင်း နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များသည် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ အကြောင်းအရာများကို လူမှုကွန်ရက်နှင့် အခြားမီဒီယာများတွင် လွှင့်တင်ခွင့် မရပါ။48 ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် Stay-at-Home အဖြစ် သတ်မှတ်ထားသော မြို့နယ်များအပါအဝင် အခြားမြို့နယ်များမှ  မဲစာရင်းပါ မဲဆန္ဒရှင်များ အားလုံးသည် သက်ဆိုင်ရာ မဲရုံများ၌ မဲပေးနိုင်ပါသည်။49

References

Contact us

Contact us

Do you have questions on the content published by Open Development Myanmar? We will gladly help you.

Have you found a technical problem or issue on the Open Development Myanmar website?

Tell us how we're doing.

Do you have resources that could help expand the Open Development Myanmar website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Myanmar will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

wKAWc
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!