မြန်မာနိုင်ငံသည်သစ်တော အမျိုးအစားပေါင်းမြောက်များစွာရှိပြီး ဇီဝမျိုးစုံမျိုးကွဲများစွာတို့နှင့်အတူ သဘာဝသယံဇာတများ ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ နိုင်ငံတစ်ဝှမ်းလုံးရှိ မြေဧရိယာ၏ ၄၂.၉၂% ခန့်သည် သစ်တောများဖြင့် ဖုံးလွှမ်းလျှက်ရှိပြီး ၎င်းသည် ဟက်တာအားဖြင့် ၂၉ သန်းနှင့် ညီမျှသည်။1 မြန်မာနိုင်ငံတွင် အဓိကတွေ့ရှိရသော သစ်တောအမျိုးအစားပေါင်း ခုနစ်မျိုးရှိသည်။ ဒီရေတောများသည် ကမ်းရိုးတန်းတစ်လျှောက်ရှိ သယံဇာတအမျိုးမျိုးကို ပိုင်ဆိုင်လျှက်ရှိပြီး မြန်မာနိုင်ငံရှိ သစ်တောများ၏ (၁) ရာခိုင်နှုန်းခန့်သည် ဒီရေတောများဖြစ်ကြသည်။2
မြန်မာနိုင်ငံရှိ ဒီရေတောများသည် ကမ္ဘာ့ဒီရေတောများတွင်၄% ပါရှိပြီး အရှေ့တောင်အာရှရှိ ဒီရေတောများတွင်၈.၈% ပါဝင်ပါသည်။3မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ဒီရေတောအပေါများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံတစ်ဝှမ်းတွင် ဒီရေတောမျိုးစိတ်ပေါင်း (၄၄) မျိုးရှိသည်။4 အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ရှိ ဒီရေတောများပြီးလျှင် မြန်မာနိုင်ငံသည် အာရှတိုက်တွင် ဒီရေတော အများဆုံးရှိပြီး ၎င်း၏ ကမ်းရိုးတန်း(၂၈၃၂ )ကီလိုမီတာ တစ်လျှောက်တွင် ဟက်တာအားဖြင့် (၅၀၀,၀၀၀) ခန့် ရှိသည်။မြန်မာနိုင်ငံတွင် ဒီရေတောများကို ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် တွေ့ရှိနိုင်သည်။ယင်းတို့အနက် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် ဒီရေတောအကျယ်အဝန်း အများဆုံးဖြစ်ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ဒီရေတောမျိုးစိတ်ပေါင်း (၂၈)မျိုးတွေ့ရှိရသည်။5 မြန်မာနိုင်ငံ၏ ကျယ်ပြန့်လှသော လတ္တီကျု အကွာအဝေး နှင့် ကွဲပြားခြားနားသော ဂေဟဗေဒစနစ်တို့ကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် “စစ်မှန်သော”ဒီရေတောမျိုးစိတ်ပေါင်း(၇၅) မျိုးရှိသည့်အနက် (၃၄)မျိုးသည်ရှင်သန်လျက်ရှိပြီး အာရှတွင် အင်ဒိုနီးရှားပြီးလျှင် ဒုတိယအဆင့်ရပ်တည် လျှက်ရှိသည်။
မြန်မာ့ဒီရေတောများသည် ကမ္ဘာတစ်ဝှမ်းလုံးနှင့်ဒေသတွင်း မျိုးသုဉ်းလုနီးပါးမျိုးစိတ် နှင့် တခြားသော တောရိုင်းတိရစ္ဆာန်များ ကျက်စားနေထိုင်ရာဖြစ်ပြီး ဒေသတွင်းစီးပွားရေးတို့အတွက် အထောက်အပံ့ဖြစ်စေသည့် အပြင် ၎င်းသည် ကာဗွန် သိုလှောင်ခြင်း အပါအဝင် လူ၊ သဘာဝတရားနှင့် စီးပွားရေးလုပ်ငန်းများကို မုန်တိုင်းနှင့် ကမ်းရိုးတန်းရေတိုက်စားမှုများမဖြစ်အောင် ဟန့်တားပေးခြင်းဖြင့် ကာကွယ်ပေးထားသည်။ ထို့အပြင် ၎င်းတို့သည် ကမ်းရိုးတန်းနှင့် ပင်လယ်ရေနေသတ္တဝါ များအတွက် နေထိုင်ကျက်စားရာနေရာများလည်း ပေးထားသည့်အပြင် ကမ်းရိုးတန်းဒေသနေ ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကိုပါ ပံ့ပိုးပေးထားသည်။ ဝမ်းနည်းစရာကောင်းသည်မှာ အဆိုပါသစ်တောများသည် ပြုန်းတီးမှုကြီးကြီးမားမားနှင့်ကြုံတွေ့ရလေ့ရှိ သည်။
မြန်မာနိုင်ငံရှိ ဒီရေတောများသည် အလွန်ပင် အစိတ်စိတ်အမွှာမွှာ ကွဲပြားလျှက်ရှိပြီး လူနှင့် သဘာဝ အကြောင်းတရားများ၏ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသောကြောင့် သစ်တောပြုန်းတီးမှုနှင့် သစ်တောများ လျင်မြန်စွာပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်လျက်ရှိသည်။ UNDP Nature ၏ ခန့်မှန်းချက်များအရ “မြန်မာနိုင်ငံသည် ဒီရေတောများ သိသိသာသာ ဆုံးရှုံးမှုနှင့် ရင်ဆိုင်နေရကြောင်း ၎င်းသည် တစ်ကမ္ဘာလုံးတွင် အမြင့်ဆုံးနှုန်းထားများထဲမှ တစ်ခုအဖြစ် ရင်ဆိုင်နေရကြောင်း” ညွှန်းဆိုထောက်ပြထားသည်။ 6 ၎င်းဒီရေတောမျိုးစိတ်များသည် ၁၉၈၁ ခုနှစ်မှ ၂၀၁၇ခုနှစ်အထိ ၃၇ နှစ် အတွင်း အဆင့် ၄၅ မှ ၃၀ အထိ လျော့ကျခဲ့သည်။7 ဒီရေတောဂေဟစနစ်များအနက် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုနှုန်းအမြင့်ဆုံးဒေသတစ်ခုအဖြစ် လူသိများသည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသရှိ ဒီရေတော ၈၀ ရာခိုင်နှုန်း ပျက်စီးခဲ့သည်။8 ဒီရေတော ဂေဟစနစ် ဆုံးရှုံးခြင်းသည် မျိုးသုဉ်းလုနီးပါး တောရိုင်းတိရစ္ဆာန်များ၏ နေထိုင်ကျက်စားမှုများ၊ ရပ်ရွာလူထု၏ အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများနှင့် ဝင်ငွေရရှိမှု တို့ကိုခြိမ်းခြောက်လျှက်ရှိသည့်အပြင် ပြင်းထန်သော ရာသီဥတုများ ၊ ရေတိုက်စားမှုများ နှင့် ကမ္ဘာကြီး ပူနွေးလာမှုတို့အား မဖြစ်စေရန် ကမ်းရိုးတန်းဒေသမှ ကာကွယ်ပေးထားသဖြင့်လည်း ၎င်းတို့ကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။
ဒီရေတောတည်နေရာများအပေါ်ခြုံငုံသုံးသပ်ချက်
ပုံ: မြန်မာနိုင်ငံရှိ ကမ်းရိုးတန်း တိုင်းဒေသကြီးနှင့် ပြည်နယ်များ အထူးသဖြင့် (က) ဧရာဝတီ တိုင်းဒေသကြီး၊ (ခ) ရခိုင်ပြည်နယ်၊ (ဂ)၊ တနသာင်္ရီတိုင်းဒေသကြီး၊ (ဃ) ပဲခူးတိုင်းဒေသကြီး၊ (င) မွန်ပြည်နယ်၊ (စ) ရန်ကုန်တိုင်း ဒေသကြီးတစ်ခုစီရှိ ရွေးချယ်ထားသော နေရာများ အား လိမ္မော်ရောင်အမှတ်များဖြင့် ရွေးချယ်ပြသထားရာတွင်( ၁၉၉၆၊ ၂၀၀၇၊ ၂၀၁၆)ခုနှစ်အချိန်ကာလ(၃)ခုအတွင်း စုစုပေါင်း ဒီရေတောများ ပြောင်းလဲမှု။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် အကျယ်ပြန့်ဆုံးဖြစ်သည့် ဧရာဝတီမြစ်ဝကျွန်းပေါ်၊ တနင်္သာရီကမ်းရိုးတန်းနှင့် ရခိုင်ပြည်နယ်တို့အပါအဝင် ကမ်းရိုးတန်းဒေသတစ်လျှောက်တွင် ဒီရေတောများ အများအပြားဖြင့် ဖြန့်ကျက်တည်ရှိလျှက်ရှိသည်။
(က) ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ နယ်နိမိတ်ချင်းထိစပ်လျှက်ရှိသော ဧရာဝတီတိုင်းဒေသကြီးတွင် တည်ရှိပြီး တောင်ဘက်နှင့် အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်နှင့် နယ်နိမိတ်ချင်းထိစပ်လျှက်ရှိသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် မြန်မာနိုင်ငံတွင် ကျယ်ပြောလှသော နုန်းတင်လွင်ပြင်များတည်ရှိသည့် အနိမ့်ဆုံးမြေပြန့် လွင်ပြင်ဖြစ်ပြီး မြစ်ချောင်းများနှင့် ပြည့်နှက်လျှက်ရှိသည်။ ၎င်းသည် အရှေ့တောင်အာရှရှိ အကျယ်ပြန့်ဆုံးမြစ်ဝကျွန်းပေါ်ဒေသစနစ်နှစ်ခုအနက်မှ တစ်ခုဖြစ်ပြီး ဟက်တာ ၂၇၀,၀၀၀ ကျော်ကျယ်ဝန်းသည်။.9ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ကုန်းမြေနှင့် ပင်လယ်တို့ ဆုံတွေ့သည့်နေရာများ၌ ဒီရေတောများ များပြားစွာ တည်ရှိလျှက်ရှိသည်။
အထူးသဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် ထင်ရှားသည့် ဒီရေတောများ ကျယ်ပြန့်စွာ ပါဝင်သော မြန်မာ့အကြီးဆုံးနှင့် ဇီဝမျိုးစုံမျိုးကွဲ ဒီရေတောများထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် တစ်ချိန်က ကျယ်ပြောလှသော ဒီရေတောများ တည်ရှိရာ နေရာလည်းဖြစ်သည်။ သို့ရာတွင် ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် သစ်ခုတ်ခြင်းလုပ်ငန်းများသည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ ဒီရေတောများကို ယုတ်လျော့စေသည်။ ၂၀၀၈ ခုနှစ် ဆိုင်ကလုန်း နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်း ရှိဒေသကြီး နှစ်ခုတွင် ဒီရေတော ဟက်တာ ၃၅၀၀၀ ခန့် ပျက်စီးခဲ့ရ သည်။.10 ဂြိုလ်တုဓာတ်ပုံ အပေါ်လေ့လာတွေ့ရှိချက် အရ မြစ်ဝကျွန်းပေါ်ဒေသသည် ၁၉၇၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ၁,၆၈၅ ကီလိုမီတာ (၆၅၁ မိုင်) ဆုံးရှုံးခဲ့သည်ဟု ခန့်မှန်းထားသည်။.11ထို့အပြင်၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း တည်ငြိမ်လျှက်ရှိသော ဒီရေတောဧရိယာသည် ၂၀၂၃ခုနှစ်FAO၏လေ့လာတွေ့ရှိချက်တွင်၁၆.၆ ဟက်တာ ဆုံးရှုံးကာ ၁၂.၅ ဟက်တာ တိုးလာကြောင်း တွေ့ရှိရသည်။12
(ခ) ရခိုင်ပြည်နယ်
ရခိုင်ပြည်နယ်သည် ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ ထိစပ်လျှက်ရှိသော အနောက်ဘက်ကမ်းရိုးတန်းဒေသတွင် တည်ရှိပါသည်။ ရခိုင်ပြည်နယ်ရှိ ဒီရေတောများသည် ဟက်တာ ၁၅၄၂၀၀ (၃၈၁,၀၃၆ ဧက) ကျယ်ဝန်းပြီး ၃၅,၂၉၆ ဟက်တာ (၈၇,၂၁၉ ဧက) ကို နိုင်ငံတော်အစိုးရက ပိုင်ဆိုင်ထားသည်။ 13 ယမန်နှစ်က ရန်ဘူးကျွန်းရှိ ဝမ်ဘိုင်းဧရိယာတွင် ၅၁ ဟက်တာ (၁၂၅ ဧက) စိုက်ပျိုးခဲ့သည်။ ရခိုင်ပြည်နယ်ရှိ ဒီရေတောများသည် ငါး၊ ပုစွန်စသည့် ပင်လယ်သတ္တဝါများအတွက် မရှိမဖြစ်လိုအပ်ပြီး ကမ်းရိုးတန်းတိုက်စားမှုကိုလည်း ကာကွယ်ပေးပါသည်။
ရေနက်ဆိပ်ကမ်းများ၊ ဓာတ်ငွေ့ပိုက်လိုင်းများ၊ အခြေခံအဆောက်အအုံများနှင့် ဟိုတယ်များ အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများသည် ရခိုင်ပြည်နယ်ရှိ ဒီရေတောများကို ခြိမ်းခြောက်လျှက်ရှိသည့်အပြင် ပုစွန်မွေးမြူရေးလုပ်ငန်းကိုလည်းထိခိုက်မှုရှိသည်။ ၂၀၀၂ ခုနှစ် လေ့လာတွေ့ရှိချက်အရ ၁၉၇၄ ခုနှစ်မှ ၁၉၉၅ ခုနှစ်အတွင်း ရခိုင်ကမ်းရိုးတန်း ဒီရေတောများ၏ ၃၀ ရာခိုင်နှုန်းခန့် ဆုံးရှုံးခဲ့သော်လည်း နောက်ဆုံးရ အချက်အလက် များကိုမူ ကန့်သတ်ထားသည်။14 ဆုံးရှုံးမှုများကြောင့် ၂၀၀၀ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ အချိန်နှင့်အမျှ အကဲဖြတ်မှုအပေါ် အခြေခံ၍ အဝေးမှ အာရုံခံဒေတာဖြင့်တိုင်းတာရာတွင် ဂေဟစနစ်၏ ၄၀ % ခန့်ကို ၂၀၂၅ ခုနှစ်တွင် လျှော့ချနိုင် ရှိသည်ဟုဖော်ပြထား သည်။15 သို့သော် ဒေတာ များ သည်လည်း ကန့်သတ်ချက်ရှိနေပြန်သည်။
(ဂ) တနင်္သာရီတိုင်း ဒေသကြီး
မြန်မာနိုင်ငံ၏ တောင်ပိုင်းတွင် တည်ရှိသော တနင်္သာရီတိုင်းဒေသကြီးသည် ၎င်း၏ ဒီရေတော ဂေဟစနစ်ကြောင့် လူသိများသော နောက်ထပ် ဒေသတစ်ခု ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးရှိဒီရေတောများသည် ဟက်တာ ၁၅၀,၀၀၀ ကျော်ရှိပြီး သက်တမ်းရင့်သော ဒီရေတောကြီးများ ပါဝင်သည်။16 တနင်္သာရီ ဒီရေတောများကို ဒေသခံလူထုများမှ ဒီရေတောအနီး သို့မဟုတ် ဒီရေတောအတွင်းတွင် နေထိုင်ကာ ထိန်းသိမ်းထားသောကြောင့်အချိန်ကြာလာသည်နှင့်အမျှ ခံနိုင်ရည်ရှိလာပြီဖြစ်သည်။ ကံမကောင်းစွာဖြင့် ၎င်းတို့သည် မကြာသေးမီက သစ်တောပြုန်းတီးမှုအချို့ကို ရင်ဆိုင်နေကြရသည်။ ၂၄၈.၄ ဟက်တာခန့်ကျယ်ဝန်းသည့် ဒီရေတောသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း တည်ငြိမ် လျှက်ရှိခဲ့ပြီးနောက်ပိုင်းတွင် ၆.၇ ဟက်တာ ဆုံးရှုံးခဲ့ရပြီး ၉.၁ ဟက်တာ တိုးလာခဲ့သည်။17ယင်းတို့၏ အဓိကအကြောင်းရင်းမှာ ဆီအုန်းစိုက်ပျိုးခြင်း၊ ငါးပုစွန်မွေးမြူခြင်းနှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်ခြင်းတို့ ကဲ့သို့သော စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ဆောင်ရခြင်းတို့ကြောင့် ဆုံးရှုံးရခြင်းဖြစ်ပါသည်။ 18 ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့နှင့် နှိုင်းယှဉ်ပါက တနင်္သာရီတိုင်းဒေသကြီးသည် သမိုင်းတစ်လျှောက် သစ်တောပြုန်းတီးမှု နည်းပါးကြောင်းတွေ့ခဲ့ရသည်။
(ဃ) ပဲခူးတိုင်း ဒေသကြီး
ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်း၏ တောင်ဘက်ပိုင်းတွင် တည်ရှိပြီး မုတ္တမကွေ့ကမ်းရိုးတမ်းတစ်လျှောက် သို့မဟုတ် ကပ္ပလီပင်လယ်ပြင်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော မုတ္တမကွေ့ တို့ပါရှိသည်။ ပဲခူးတိုင်းဒေသကြီးသည် ပြည်နယ်နှင့်တိုင်းဒေသကြီးများစွာနှင့် နယ်နိမိတ်ချင်းထိစပ်လျှက်ရှိသည်။ ပဲခူးတိုင်းဒေသကြီး၌ ဒီရေတောများကို ကဝမြို့နယ်တွင် တွေ့ရှိနိုင်သည်။ ကဝသည် စစ်တောင်းမြစ်နှင့် ပဲခူးမြစ်အကြားတွင် တည်ရှိသည်။ သို့သော်လည်း ပဲခူးတိုင်းဒေသကြီးရှိ ဒီရေတောများကို လေ့လာရန်မူ ကန့်သတ်ထားသည်။
ပဲခူးတိုင်းဒေသကြီးရှိ ဒီရေတောများအတွက် အဓိကခြိမ်းခြောက်မှုများမှာ စပါးစိုက်ပျိုးမှုနယ်မြေအဖြစ်သို့ ပြောင်းလဲခြင်းနှင့် ရပ်ရွာမြေအသုံးချမှုဆိုင်ရာ ဆုံးဖြတ်ချက်များအပေါ် ကန့်သတ်ထားခြင်း တို့ဖြစ်သည်။
(င) မွန်ပြည်နယ်
မွန်ပြည်နယ်သည် မြန်မာနိုင်ငံ၏တောင်ဘက်ပိုင်းတွင် တည်ရှိ ပြီး၎င်း၏ ဒီရေတောများကို မွန်ပြည်နယ်ရှိ ပေါင်မြို့နယ်နှင့် ချောင်းဆုံမြို့နယ်တို့ရှိ မုတ္တမကွေ့နှင့် ကပ္ပလီပင်လယ်ပြင် ကမ်းရိုးတန်း တစ်လျှောက်တို့တွင် တွေ့ရှိရသည်။
မွန်ပြည်နယ်ရှိ ဒီရေတောများအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ စိုက်ပျိုးမြေအဖြစ် ပြောင်းလဲခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ဒီရေတောများကို ဖယ်ရှားပြီး ကဏန်းထိန်းသိမ်းမွေးမြူရေးဇုန်များနှင့် စပါးခင်းများအဖြစ် ပြောင်းလဲခြင်းသည် ဒီရေတောများကို ခြိမ်းခြောက်လျက်ရှိသည်။ ထို့အပြင် အခြား
ပြင်ပ စီးပွားရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ခြင်းသည်လည်း မွန်ပြည်နယ်ရှိ ဒီရေတောများအတွက် ခြိမ်းခြောက်မှုပင်ဖြစ်သည်။ ဥပမာအားဖြင့် ၂၀၀၃ ခုနှစ်တွင် မွန်ပြည်နယ်ရှိ စက်စဲ ဒီရေတောကို ပုစွန်မွေးမြူရေးလုပ်ငန်းအဖြစ် လုံးဝပြောင်းလဲခဲ့ကြောင်းကိုတွေ့ရှိရသည်။
(စ) ရန်ကုန်တိုင်းဒေသကြီး
ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ပြီး မြန်မာနိုင်ငံအောက်ပိုင်းရှိ အကြီးဆုံးမြို့လည်းဖြစ်ပြီး ရန်ကုန်မြစ်နှင့် ပဲခူးမြစ်တို့တွေ့ဆုံရာနေရာသည် မုတ္တမပင်လယ်ကွေ့မှ ကီလိုမီတာ ၃၀ (၁၉ မိုင်) အကွာတွင် တည်ရှိသည်။ ဒီရေတောများသည် ကမ်းရိုးတန်းတစ်လျှောက် အထူးသဖြင့် ရန်ကုန်မြစ်နှင့် မုတ္တမပင်လယ်ကွေ့တို့ ထိစပ်နေသော ဒေသများတွင် တည်ရှိလျှက်ရှိပါသည်။
မြေပုံ- မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်ရှိ ဒီရေတော တည်နေရာများ
Open Development Myanmar , ၂၀၂၄ မှ ဖန်တီးထားပြီး CC BY SA 4.0 အောက်တွင် လိုင်စင်ထားသည်။
သစ်တောပြုန်းတီးမှုနှင့် နေရင်းဒေသများဆုံးရှုံးမှု
မြန်မာနိုင်ငံသည် ဒီရေတောများ အများဆုံးတည်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း ကမ္ဘာပေါ်တွင် သစ်ခုတ်မှုနှုန်းအမြင့်ဆုံးနိုင်ငံတစ်ခုဖြစ်သည်။ ၂၀၀၀ခုနှစ်မှ၂၀၁၂ ခုနှစ်အတွင်း လေ့လာတွေ့ရှိချက်အရ မြန်မာနိုင်ငံတွင် ဒီရေတောဆုံးရှုံးမှု ဧရိယာမှာ ၂၇,၉၅၇ ဟက်တာရှိကြောင်း သိရှိရသည်။ 19 ၁၉၉၆ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်၏ မှတ်တမ်းများအရ မြန်မာနိုင်ငံရှိ ဒီရေတောဂေဟစနစ်သည် တစ်နှစ်လျှင် ပျမ်းမျှ ၃.၆ မှ ၃.၉ ရာခိုင်နှုန်းအထိ ပျောက်ကွယ်သွားခဲ့ကြောင်းသိရှိရသည်။.20 မြန်မာနိုင်ငံတွင် အဓိကအားဖြင့် ရခိုင်ပြည်နယ်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် တနင်္သာရီတိုင်း ဒေသကြီးသုံးခုတို့တွင် ဒီရေတောပြုန်းတီးမှုများ အများဆုံးဖြစ်ပေါ်လျက်ရှိသည်။ သို့သော် တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံရှိ အခြားဒေသများထက် သစ်တောပြုန်းတီးမှု နည်းပါးကြောင်း သမိုင်းကြောင်းအတွေ့အကြုံများအရသိရှိခဲ့ရသည်။ ဒီရေတောများ ပျက်စီးခြင်း၏ အဓိက တွန်းအားပေးသောအချက်များတွင်တိုက်ရိုက်နှင့် သွယ်ဝိုက်ဖြစ်ပေါ်စေသော အချက်နှစ်မျိုးစလုံး ပါဝင်သည်။
ဒီရေတောများအား ပျက်စီးဆုံးရှုံးစေသော အချက်များ
စိုက်ပျိုးရေးလုပ်ငန်းများအဖြစ် ကူးပြောင်း လုပ်ကိုင်ခြင်း။ ၂၀၁၆ ခုနှစ် လေ့လာတွေ့ရှိချက်တစ်ခုအရ စိုက်ပျိုးရေးလုပ်ငန်းများ အထူးသဖြင့် ဆန်စပါးတိုးချဲ့စိုက်ပျိုးမှုသည် မြန်မာနိုင်ငံရှိ ဒီရေတောဆုံးရှုံးမှုအတွက် အဓိက တွန်းအားပေးသော အချက်ဖြစ်ကြောင်း ဖော်ပြထားသည်။ ၂၀၀၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ပြုန်းတီးခဲ့သော ဒီရေတောဧရိယာ စုစုပေါင်း၏ (၈၇.၆) ရာခိုင်နှုန်း ခန့်သည် ဒီရေတောများကို စပါးစိုက်ခင်းများ အဖြစ် 21 အထူးသဖြင့် ဧရာဝတီမြစ်ဝ ကျွန်းပေါ် ဒေသ၌ ပြောင်းလဲ လုပ်ကိုင် ခဲ့ကြခြင်းကြောင့် ဖြစ်သည်။.22 |
ငါးပုစွန်မွေးမြူရေးလုပ်ငန်းများ အဖြစ်တိုးချဲ့ ဆောင်ရွက်ခြင်း။ ငါးပုစွန်မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုသည် ဒီရေတောဂေဟစနစ်ကို ခြိမ်းခြောက်နေသည့် လတ်တလောဖြစ်ပေါ်တိုးတက်မှုများထဲမှ တစ်ခုဖြစ်သည်။ ၁၉၈၀ခုနှစ်မှစတင်၍ ရေချို၊ ရေငံစပ် ပုစွန်မွေးမြူရေးကန် လုပ်ငန်းများ ကို ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ ဒီရေတောများ အထိ ကျယ်ပြန့်စွာ ဆောင်ရွက် လာခဲ့ကြသည်။ ခန့်မှန်းခြေအားဖြင့် ဒီရေတော များ ပြုန်းတီးမှု၏ (၁.၆)ရာခိုင်နှုန်း ခန့်ကို ငါးပုစွန်မွေးမြူရေး လုပ်ငန်းများ အဖြစ်သို့ ပြောင်းလဲခဲ့ခြင်း ကြောင့်ဖြစ်သည်။.23 |
သစ်ခုတ်ခြင်းနှင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းများ။ ချက်ပြုတ်ခြင်း နှင့် အခြောက်ခံခြင်း လုပ်ငန်း များ အတွက် မီးသွေးနှင့် ထင်းများရရှိရန် သစ်များကို တရားဝင်နှင့် တရားမဝင် အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းသည် သစ်တောများ ပြုန်းတီး၊ ပျက်စီးမှုတို့ကို ကြီးမားစွာ ဖြစ်ပေါ်စေသည်။ ဒီရေတောများသည် ဒီရေတောနေရာ အနီးရှိဒေသခံပြည်သူများ အတွက် မီးသွေးရရှိနိုင်သောအရင်းအမြစ် ဖြစ်သည်။ ထို့အပြင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် လျှပ်စစ်ဓာတ်အား မလုံလောက်မှုတို့ကြောင့်လည်း ဒီရေတောများပြုန်းတီးမှုကို ဖြစ်စေသည်။ စစ်တပ်အာဏာသိမ်းမှုမတိုင်မီက ရခိုင်ပြည်နယ်ရှိ ကျေးလက်ဒေသခံများသည် ချက်ပြုတ်ရန်အတွက် ထင်းများကိုခုတ်ယူမှုများ ပိုများလာခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ဒီရေတောပြုန်းတီးမှုမှာ သိသိသာသာ မြင့်တက်လာခြင်း ဖြစ်သည်။ “ရခိုင်ပြည်နယ် တစ်ဝှမ်းမှာ ဒီရေတောတွေရဲ့ ၇၅ ရာခိုင်နှုန်းလောက်ဟာ ပြုန်းတီးသွားပြီ” ဟု ထိန်းသိမ်းရေးသမားများက ပြောကြသည်။ 24 |
မြို့ပြနှင့် အခြေခံအဆောက်အုံများ ဖွံ့ဖြိုး တိုးတက်ရေး မြို့ပြဖွံ့ဖြိုးရေးအတွက် စက်မှုဇုန်များနှင့် ခရီးသွားအဆောက်အအုံများကဲ့သို့သော ကမ်းရိုးတန်း ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်ခြင်းသည် ဒီရေတောဂေဟစနစ်ကို ပျက်စီးစေတတ်သည်။ ရခိုင်ပြည်နယ်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ ဆိပ်ကမ်းများ တည်ဆောက် ထားပြီး ဆိပ်ကမ်းတစ်လျှောက် လမ်းများသည်ရမ်းဗြဲကျွန်းပေါ်တွင်တည်ရှိလျှက်ရှိသော ကမ်းရိုးတန်း ဒီရေတောဧရိယာများကို ကြီးမားစွာ ထိခိုက်စေပါသည်။.25 ထို့အပြင် ထားဝယ်နှင့် မြိတ်ဒေသများတွင် အထူး စီးပွားရေးဇုန်များ တိုးချဲ့တည်ဆောက်ခြင်း ကြောင့် ဒီရေတောများကို ဆုံးရှုံးခဲ့ရသည်။ |
သတ္တုတွင်းလုပ်ငန်းများ ကမ်းရိုးတန်းဒေသများတွင် ရွှေနှင့် ကျောက်စိမ်း တူးဖော်ခြင်းကဲ့သို့သောလုပ်ငန်းများအတွက် သဲများကို ထုတ်ယူသုံးစွဲခြင်းသည် ဒီရေတောများ အပေါ် တိုက်ရိုက်ပျက်စီးစေခြင်း ကိုဖြစ်ပေါ်စေ နိုင်သည်။ |
လူဦးရေဖိအား (လူဦးရေများပြားလာခြင်း ကြောင့်ဖြစ်ပေါ်လာနိုင်သောခြိမ်းခြောက်ခံရမှု) လူသားတို့၏ စွန့်ပစ်ပစ္စည်းများ စုပုံခြင်းကဲ့သို့ လုပ်ဆောင်မှုများသည် ဒီရေတောများမှ အပင်များကိုသေဆုံးစေပြီး ဂေဟစနစ်ကို ကျဆင်းစေခြင်းတို့ ဖြစ်ပေါ်စေသည်။ ထို့အပြင် လူဦးရေတိုးပွားလာမှုကြောင့် ပိုင်ဆိုင်မှုများ ပိုမိုလိုအပ်လာကြသည်။ ဥပမာအားဖြင့် ရန်ကုန်မြို့တွင် လူဦးရေ များလာခြင်းကြောင့် နှစ်စဉ် ထင်းတန်ချိန် (၇)သိန်း ခန့် လိုအပ်လာသည်။26 |
ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များ မုန်တိုင်းများ၏ ကြိမ်နှုန်းများနှင့် ပြင်းထန်မှုသည် ဒီရေတောများကို ထိခိုက်စေနိုင်သော်လည်း ကောင်းမွန်ကြံ့ခိုင်သော ဒီရေတောများသည် ၎င်းတို့မှ ဖြစ်ပေါ်လာသောသက်ရောက်မှုများကို လျော့ပါးသက်သာစေပါသည်။ ၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုန်း ကဲ့သို့သော ဆိုးရွားပြင်းထန်သော ရာသီဥတု ဖြစ်ရပ်များကြောင့်လည်း ဒီရေတော ဧရိယာ ဟက်တာ ၃၅,၀၀၀အထိ ဆုံးရှုံးခဲ့ရသည်။ |
မူဝါဒနှင့် အုပ်ချုပ်မှုဆိုင်ရာ ပြဿနာများ တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းများကို ထိရောက်စွာ လိုက်နာဆောင်ရွက်မှုမရှိခြင်းနှင့် အုပ်ချုပ်မှုစွမ်းရည် အားနည်းခြင်းတို့ကြောင့် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ မြေယာအဖြစ် ပြောင်းလဲလုပ်ကိုင်ခြင်းနှင့် အခြားပျက်စီး စေတတ်သော လုပ်ငန်းများကို ဆက်တိုက် လုပ်ကိုင် လာစေသည်။ ဥပမာအားဖြင့်၊ ရခိုင်ပြည်နယ် ဝမ်းဘိုက်စားအိုး သစ်တော ကြိုးဝိုင်း တွင် ဒီရေတောများ၏ ၄၀ ရာခိုင်နှုန်းကို ပုစွန်မွေးမြူရေး လုပ်ငန်းများနှင့် စပါးစိုက်ခင်းများ အဖြစ် ပြောင်းလဲဆောင်ရွက်ခဲ့ကြသည်။.27 ထို့အပြင် ၂၀၂၁ ခုနှစ် နိုင်ငံရေးအကျပ်အတည်းကြောင့် ရခိုင်ပြည်နယ်ရှိ သစ်တောများ၏၁၂% လျော့ကျမှုအပါအဝင် တရားမဝင်သစ်ခိုးထုတ်မှုများ တိုးလာခဲ့သည်။. 28 |
ဆင်းရဲနွမ်းပါးမှုနှင့် စာတတ်မြောက်မှုနှုန်း နည်းပါးခြင်း ကမ်းရိုးတန်းဒေသလူ့အဖွဲ့အစည်းအတွက် ဆင်းရဲ နွမ်းပါးမှုသည် ၎င်းတို့ အသက်ရှင် ရပ်တည်နိုင်ရန်အတွက် ဒီရေတော အရင်းအမြစ်များကို ထုတ်ယူသုံးစွဲရန် တွန်းအားပေးလျှက်ရှိသည်။ အဆိုပါ လုပ်ဆောင်ချက်များအနက် မီးသွေး ထုတ်လုပ် ခြင်း၊ သစ်ခုတ်ခြင်းနှင့် ဒီရေတောများအား ပြောင်းလဲ၍ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ခြင်းတို့ ပါဝင်သည်။ |
ကာဗွန်ထုတ်လွှတ်ရန် ခွင့်ပြုသည့်ပမာဏနှင့် ကာဗွန်ထုတ်လွှတ်ခွင့် ရောင်းဝယ်သည့်စနစ်
ဒီရေတောများသည် ကာဗွန်ဓါတ်ငွေ့စုပ်ယူသိမ်းဆည်းရာတွင်အထူးထိရောက်မှုရှိ၍ ရာသီဥတုပြောင်းလဲမှုကို လျော့ပါးသက်သာစေရန် အထောက်အကူပြုပါသည်။ယခုအခါတွင် ဒီရေတော အနည်းငယ်သာ ကျန်ရှိတော့၍ မြန်မာ့ဒီရေတောဧရိယာ၏ ၃ ရာနှုန်းခန့်သာ ဥပဒေကြောင်းရာ ကာကွယ်ထိန်းသိမ်းမှုအောက်တွင် ရှိနေပါတော့သည်။သစ်တောများ ဆုံးရှုံးရခြင်းနှင့် သစ်တောမြေမှထိန်းသိမ်းသိုလှောင်ထားသည့် ကာဗွန် ဓါတ်ငွေ့များ ဆုံးရှုံးရခြင်းသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်စပ်လျှက်ရှိနေပါသည်။ဒီရေတောများသည် ကာဗွန်အမြောက်အများကို ၎င်းတို့၏ ဇီဝဒြပ်ထုနှင့် ပတ်ပတ်လည်ရှိ မြေဆီလွှာများတွင် သိမ်းဆည်းသိုလှောင်ထား၍ ၎င်းကာဗွန်အများစုသည် ဒီရေတောများနှင့်ဆက်စပ်လျှက်ရှိသည့် မြေဆီလွှာများအတွင်း နက်ရှိုင်းစွာ တည်ရှိနေပါသည်။မြန်မာနိုင်ငံဒီရေတောများ၏ ဇီဝဒြပ်ထုနှင့် ဆက်စပ်လျှက်ရှိသည့်မြေဆီလွှာများတွင် ကာဗွန်တန်ချိန်ပေါင်း ၁၁၉ သန်း သိုလှောင်ထားရှိထားကြောင်း ခန့်မှန်းထားပါသည်။29မြန်မာနိုင်ငံအမျိုးသားသစ်တော ဘက်စုံပင်မအစီအစဉ် (The Myanmar National Forestry Master Plan) အရဒီရေတောသဘာဝထိန်းသိမ်းရေးနယ်မြေ ဧရိယာကို ၂၀၃၀ မတိုင်မီ ၁၀ ရာခိုင်နှုန်းတိုးမြှင့်ရန် ရည်ရွယ်ထားပါသည်။သို့ရာတွင် ကျန်ရှိနေသော ဒီရေတောအရင်းအမြစ်များပေါ်တွင် ကျရောက်နေသော အန္တရာယ်ဖိအားသည်မြင့်တက်နေဆဲ ဖြစ်ပါသည်။
နိုင်ငံတော်၏ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းရန်နှင့် နိုင်ငံတကာ ကတိကဝတ်များကို ပြည့်မီစေရန်”သစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်း”၂၀၁၇မှ ၂၀၂၆ ၊ “တောရိုင်းတိရိစ္ဆာန်များ၊ သဘာဝအပင်များနှင့် ယင်းတို့၏ နေရင်းဒေသများကို ပြန်လည်ထူထောင်ပေးရေး အစီအစဥ်”၂၀၁၉ မှ ၂၀၂၉၊ “အမျိုးသားသစ်တောပြုန်းတီးမှုနှင့် သစ်တောအတန်းအစား ကျဆင်းမှုတို့ကြောင့် ကာဗွန်ထုတ်လုပ်မှုလျှော့ချခြင်းနှင့် သစ်တောကာကွယ်ထိန်းသိမ်းခြင်း၊ စဥ်ဆက်မပြတ်စီမံအုပ်ချုပ်ခြင်းနှင့် သစ်တောကာဗွန်ရင်းမြစ်များ ပိုမိုတိုးမြင့်စေခြင်း” (REDD+) အစီအစဉ်၊မြန်မာနိုင်ငံတရားဝင်သစ်ဖြစ်ကြောင်း အာမခံသည့်စနစ် (MTLAS) အစီအစဉ်နှင့်သစ်တောဥပဒေ စိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ လျာထားချက် (FLEGT) အစီအစဉ်အပါအဝင်အောက်ပါအစီအစဉ်များကို စတင်ခဲ့ပါသည်။30 အဆိုပါ အစီအစဥ်များတွင် ရာသီဥတုပြောင်းလဲမှုလျော့ပါးသက်သာစေရေးဆိုင်ရာ အမျိုးသားအဆင့် သတ်မှတ်ထည့်ဝင်ဆောင်ရွက်မှုများ (NDCs)၊ စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်များ (SDGs)၊ ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်စောင့်ရှောက်မှု ရည်မှန်းချက်ပန်းတိုင်အစု (Aichi Targets)၊ အရည်အသွေးနိမ့်ကျပျက်စီး၍ တောပြုန်းနေသည့်သစ်တောမြေများကို မူလအနေအထားသို့ အသက်သွင်းပေးရေး ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ပန်းတိုင် (Bonn Challenges)၊ သစ်တောများ ကာကွယ်ထိန်းသိမ်းရေးနှင့် ကမ္ဘာလုံးဆိုင်ရာ အရေးယူဆောင်ရွက်ချက်ပေါ်ထွန်းရေး နယူးယောက် ကြေညာချက် (New York Declaration on Forests)စသည်တို့ ပါဝင်ပါသည်။
မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့သော “သစ်တောပြုန်းတီးမှုနှင့် သစ်တော ပျက်စီးခြင်း အခြေအနေ ကျဆင်းခြင်းမှ ကာဗွန်ထုတ်လုပ်မှုလျှော့ချစေရန် သစ်တောကာကွယ်ထိန်းသိမ်းခြင်း၊ စဥ်ဆက်မပြတ်စီမံအုပ်ချုပ်ခြင်းနှင့် သစ်တောကာဗွန်ရင်းမြစ်များ ပိုမိုတိုးမြင့်စေခြင်း” (REDD+) အစီအစဉ်ကို အကောင်အထည်ဖော်ခြင်းအားဖြင့် ကာဗွန်စျေးကွက်စနစ်မှ အကျိုးခံစားမှုရရှိစေရန် ရည်ရွယ်ထားပါသည်။မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆိုင်ရာ ပဲရစ်သဘောတူညီချက် (The Paris Agreement) အဖွဲ့ဝင်နိုင်ငံအဖြစ် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်သည့် အဓိကမူဝါဒ စာရွက်စာတမ်းများကို ပြင်ဆင်ပြုစုခဲ့ပြီး ၎င်းတို့တွင် မြန်မာနိုင်ငံရာသီဥတု ပြောင်းလဲမှုဆိုင်ရာမူဝါဒ MCCP၂၀၁၉ ၊ မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ မဟာဗျူဟာMCCS နှင့် မြန်မာနိုင်ငံရာသီဥတု ပြောင်းလဲမှုဆိုင်ရာပင်မစီမံကိန်း MCCMP ၂၀၁၈ မှ၂၀၃၀ တို့ ပါဝင်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှု လိုက်လျောညီထွေ တုန့်ပြန်ဖြေရှင်းရေး အမျိုးသားအဆင့် အစီအမံNAPA ကို ၂၀၁၂ ခုနှစ်တွင် ပြုစုရေးဆွဲခဲ့ပြီး အဆိုပါအစီအမံအရ သစ်တောကဏ္ဍအတွက် ဦးစားပေးစီမံကိန်း၄ ခု ရွေးချယ်၍အမေရိကန်ဒေါ်လာ ၁၅၅ သန်း သတ်မှတ်လျာထားပေးရန် အဆိုပြုတင်ပြထားပါသည်။ဖော်ပြပါ ဦးစားပေးစီမံကိန်း ၄ ခု အနက် ၁ ခုမှာ သစ်တောအတန်းအစားကျဆင်းပြီး ထိလွယ်ခိုက်လွယ်ဖြစ်နေသည့် ကမ်းရိုးတန်းဒေသများနေကျေးလက်ပြည်သူတို့၏ အသက်မွေးဝမ်းကျောင်းမှုများ အဆင်ပြေချောမွေ့စေရေးနှင့် ရာသီဥတုဒဏ်ခံ ဂေဟစနစ်များ ပြန်လည်အားကောင်းလာစေရေးအတွက် ဒေသခံပြည်သူအစုအဖွဲ့ပိုင် ဒီရေတောများ တစ်ဖန် ပြန်လည်စိုက်ပျိုးပေးရေးဖြစ်၍ ယင်းအတွက် ၃ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၂ သန်းခွဲ ချထားပေးရန် လျာထားသတ်မှတ်ထားပါသည်။31
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ (UN-REDD) အစီအစဥ် ကနဦးလုပ်ဆောင်ချက် 32 အရ မြန်မာနိုင်ငံ (REDD+) အစီအစဥ် ဖော်ဆောင်မှုများအတွင်းသို့ ဒီရေတောများကို ပေါင်းစပ်ထည့်သွင်းခြင်းဖြင့် ဒီရေတောများ၏ အခန်းကဏ္ဍကို အလေးပေးကာ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုများကို လျှော့ချရန် ရည်ရွယ်ထားပါသည်။ဤကနဦးလုပ်ဆောင်ချက် အစီအစဉ်သည် ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာစေရေး အမျိုးသား အဆင့် သတ်မှတ်ထည့်ဝင် ဆောင်ရွက်မှု (NDCs) များ ၊ မြန်မာနိုင်ငံ (REDD+) အစီအစဥ်များနှင့် ကိုက်ညီစေလျှက် ကုလသမဂ္ဂ ရာသီဥတုပြုပြင်ပြောင်းလဲမှုအဖွဲ့ (UNFCCC) ဆိုင်ရာ မိမိဆန္ဒအလျောက် ကတိကဝတ်များကို ပြည့်မီစေရန် ရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။
ဒီရေတော သဘာဝထိန်းသိမ်းရေး နယ်မြေများ
ရာသီဥတုပြောင်းလဲမှု ဖိအားတိုးမြင့်လာခြင်းနှင့် မြန်မာနိုင်ငံ၌ ကျန်ရှိနေသေးသည့် ဒီရေတောများကို ကာကွယ် ထိန်းသိမ်းရန် အရေးတကြီး လိုအပ်နေပါသည်။သို့ရာတွင် အဆိုပါ ဒီရေတောများအနက် မိန်းမလှကျွန်း သစ်တောကြိုးဝိုင်းနှင့် လန်ပိ အဏ္ဏဝါ အမျိုးသားဥ ယျာဥ် (Lampi Marine National Park)အတွင်းရှိ မြန်မာ့ ဒီရေတောစုစုပေါင်း၏ ၁ ရာခိုင်နှုန်းခန့် ဒီရေတောများ အပါအဝင် အနည်းငယ်မျှသော အစိတ်အပိုင်းများသာ ကာကွယ်ထိန်းသိမ်းမှုအောက်တွင် ရှိနေပါသည်။၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ရေဝပ်ဒေသ ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာ ရမ်ဆာ သဘောတူညီချက် Ramsar Convention အရ ကမ်းရိုးတန်းရေတိမ်ဒေသ ၂ ခုကို ရမ်ဆာဒေသRamsar Sites များအဖြစ် ပထမဆုံးအကြိမ် သတ်မှတ်ထိန်းသိမ်းခဲ့ပါသည်။မိန်းမလှကျွန်းဒေသအပြင် မုတ္တမပင်လယ်ကွေ့ အစိတ်အပိုင်းများကိုပါ ရမ်ဆာဒေသRamsar Sitesများအဖြစ် သတ်မှတ်ထိန်းသိမ်းထားခြင်းဖြင့် ဒီရေဝင်လတာပြင် ဧရိယာ ဟက်တာပေါင်း ၉၀,၀၀၀ ကို ကမ်းရိုးတန်း ဒီရေတော သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် ထပ်မံ ဖြည့်စွက်နိုင်ခဲ့ပါသည်။33
၁၃,၀၀၀ ဟက်တာ အကျယ်အဝန်းရှိသည့် မိန်းမလှကျွန်း တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တောကို ၁၉၉၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး သစ်တောဦးစီးဌာနမှ ထိန်းသိမ်းစီမံ ကာကွယ်လျက်ရှိပါသည်။၂၀၁၇ ခုနှစ်တွင် ထို မိန်းမလှကျွန်း တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တော၏ အကျယ်အဝန်းကို ၅၀,၀၀၀ ဟက်တာခန့်အထိ တိုးချဲ့ခဲ့ပြီး မြန်မာနိုင်ငံ၏ တတိယမြောက် ရမ်ဆာဒေသRamsar Site အဖြစ် သတ်မှတ် ထိန်းသိမ်း ထားခဲ့ပါသည်။
လန်ပိ အဏ္ဏဝါ အမျိုးသားဥယျာဥ် Lampi Marine National Parkသည် မြိတ်ကျွန်းစုအတွင်း၌ တည်ရှိပြီး ၁၉၉၆ ခုနှစ်တွင် ရမ်ဆာဒေသ Ramsar Site အဖြစ် သတ်မှတ်ခဲ့ပါသည်။၎င်း လန်ပိ အဏ္ဏဝါ အမျိုးသားဥယျဥ်Lampi Marine National Park တွင် အကြီးဆုံးဖြစ်သည့်လန်ပိကျွန်းနှင့် အတူ ပတ်ပတ်လည်ရှိ ကျွန်းငယ် ၂၀ ခု ပါဝင်ပါသည်။ဤ လန်ပိ အဏ္ဏဝါ အမျိုးသားဥယျာဉ်တွင်လမုတောများ ၊ ပင်လယ်ကမ်းခြေများ၊ သဲသောင်ပို့များ၊ သန္တာကျောက်တန်းများ၊ ပင်လယ်ရေအောက် မြက်ခင်းကြမ်းပြင်များ အပါအဝင် ကြွယ်ဝသော ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ထိန်းသိမ်း ပေးထားပါသည်။
မြန်မာနိုင်ငံ သစ်တောဥပဒေ ၂၀၁၈34 အပိုဒ် ၆ အပိုဒ်ခွဲ င အရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ ၁၅၉၄ ဧက ကျယ်ဝန်းသည့် စခန်းသစ်ကျွန်းဧရိယာကို ဒီရေတော သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် ၂၀၂၄ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့တွင် သတ်မှတ်ထိန်းသိမ်းပေးခဲ့ပါသည်။
ဒီရေတောများ ပြန်လည်စိုက်ပျိုးပေးခြင်း
ကုလသမဂ္ဂUN REDD စီမံကိန်းက လက်ရှိ ဒီရေတောများကိုကာကွယ်ထိန်းသိမ်းပေးခြင်း၊ ဒီရေတော စိုက်ခင်းများ ထပ်မံတိုးချဲ့ပေးခြင်းတို့ဖြင့် သစ်တောအတန်းအစားကျဆင်းနေသော ဒီရေတောဧရိယာများတွင် မူလ အခြေအနေရောက်အောင် ပြန်လည်စိုက်ပျိုးပေးခြင်းအပြင် အပြာရောင်ကာဗွန်သိုလှောင်ထိန်းသိမ်းစွမ်း မြင့်တက် လာစေရန် ရည်ရွယ်ထားပါသည်။ဒီရေတောများ ပြန်လည်စိုက်ပျိုးရေး (ပြန်လည်အသက်သွင်းပေးရေး) လုပ်ငန်းစဥ်များသည် ဒေသခံ သစ်တောအသုံးပြုသူများ၊ အစိုးရနှင့် အစိုးရမဟုတ်သူအဖွဲ့အစည်းများ၏ ပါဝင်ကူညီမှုကြောင့် လက်ရှိအချိန်အထိ အောင်မြင်နေသည်ကို တွေ့ရှိရပါသည်။သစ်တောဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးအစီအစဉ်များက ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးများရှိ သဘာဝ ဒီရေတောများ ပြန်လည်စိုက်ပျိုးပေးခြင်းနှင့် ကာကွယ်ထိန်းသိမ်းပေးခြင်းအပါအဝင် ဒီရေတောဧရိယာအချို့ကို ပြန်လည် အဆင့်မြှင့်တင်ပေးနိုင်ခဲ့ပါသည်။35 ၁၉၈၀ ပြည့်နှစ်များမှစ၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအတွင်း ဒီရေတော ဟက်တာ ၁၃,၀၀၀ ခန့် ပြန်လည် စိုက်ပျိုးပေးနိုင်ခဲ့ပါသည်။သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဒိန်းမတ်နိုင်ငံနှင့် မိတ်ဖက်အဖြစ် ပူးပေါင်း ၍ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးများတွင် ဒီရေတောကာကွယ်ထိန်းသိမ်းရေး စီမံကိန်းတစ်ခုကို ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့ပါသည်။ကုလသမဂ္ဂ ပညာရေး ၊ သိပ္ပံနှင့် ယဥ်ကျေးမှု ယူနက်စကို အဖွဲ့ ဇီဝအဝန်းနယ်မြေများ ထူထောင်ရေး UNESCO Biosphere Reserves နှင့် ရမ်ဆာရေဝပ်ဒေသ သတ်မှတ်ထိန်းသိမ်းရေး Ramsar Wetlands လုပ်ငန်းစဥ်များအပါအဝင် ဖော်ပြပါ အားထုတ်မှုများကို ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် ဒီရေတော ပေါက်ပွားရှင်သန်ရာနေရင်းဒေသများ ဆုံးရှံးခြင်းကို ကိုင်တွယ်ဖြေရှင်းရာနှင့် အဓိကဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှုများ စဥ်ဆက်မပြတ် ပံ့ပိုးရာတို့တွင် ထိရောက်ကြောင်း တွေ့ရှိရပါသည်။36
သစ်တော အမျိုးအစား ခွဲခြားခြင်း
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနMONREC မှ သတ်မှတ်ခွဲခြားထားသော မြေ အမျိုးအစား ၃ မျိုးရှိပါသည်။၎င်းတို့မှာ ကြိုးဝိုင်းတော RF ၊ ကြိုးပြင်ကာကွယ်တော PPF နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ PA များ ဖြစ်ကြပါသည်။ကြိုးဝိုင်းတောများသည် အရည်အသွေး အကောင်းဆုံးနှင့် ကုန်သွယ်မှုတန်ဖိုး အမြင့်ဆုံးဖြစ်သော်လည်း အများပြည်သူ ရယူပိုင်ခွင့် မရှိပါ။ကြိုးပြင်ကာကွယ်တော PPF များသည် ကုန်သွယ်မှုတန်ဖိုး နိမ့်ကျ၍ အများပြည်သူ ဝင်ရောက်ခွင့်ပိုမိုရရှိကာ ရယူပိုင်ခွင့် အချို့လည်း ရှိပါသည်။ကြိုးဝိုင်းတော RF များနှင့် ကြိုးပြင်ကာကွယ်တော PPFများကို အမြဲတမ်း သစ်တောနယ်မြေ PFEအဖြစ် ပေါင်းစပ်ဖွဲ့စည်းထားလေ့ရှိပါသည်။သဘာဝထိန်းသိမ်းရေးနယ်မြေများ PA များသည် မြန်မာနိုင်ငံ၏ ကြွယ်ဝသော မျိုးစိတ်ပေါင်းစုံနှင့် ကွဲပြားစုံလင်သော ဂေဟစနစ်များကို ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်ထားပါသည်။37
Open Development Myanmar , ၂၀၂၄ မှ ဖန်တီးထားပြီး CC BY SA 4.0 အောက်တွင် လိုင်စင်ထားသည်။
ဒီရေတောများ၏ စုစုပေါင်း ၃၄ ရာခိုင်နှုန်းသည် သစ်တောနယ်မြေ Forest Land အဖြစ် တရားဝင် သတ်မှတ် ထား၍ အမြဲတမ်းသစ်တောနယ်မြေ PFEs ဟုလည်း အများသိရှိကြသည့် ဒေသများအတွင်း တည်ရှိနေကြောင်း တွေ့ရှိရပါသည်။ထိုသို့သော အချင်းအရာများကြောင့် မြန်မာနိုင်ငံရှိ ဒီရေတောများသည် ဥပဒေကြောင်းရာအရ ကာကွယ်စောင့်ရှောက်မှုကို အတိုင်းအတာတစ်ခုအထိ ရရှိနေပါသည်။ 38 ဒီရေတောဂေဟစနစ် စုစုပေါင်း၏ ၃ ရာခိုင်နှုန်းသည် သဘာဝထိန်းသိမ်းရေးနယ်မြေ PA များတွင် တည်ရှိနေပါသည်။39 သို့ရာတွင် ဒီရေတောအများအပြားသည် ဥပဒေကြောင်းရာအရ ကာကွယ်ထိန်းသိမ်းမှုမရသည့် အမျိုးအစား မခွဲခြား ရသေးသော သစ်တောများUnclassified Forests အဖြစ် ကျန်ရှိနေပါသေးသည်။
မြန်မာနိုင်ငံ သစ်တောဆိုင်ရာ ဥပဒေများ၊ စည်းမျဥ်းစည်းကမ်းအမိန့်များနှင့် တရားဝင်စည်းကြပ်ဆောင်ရွက်သည့် ဌာနများ
၂၀၀၈ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သည်မြေနှင့် ပင်လယ်များအားလုံးကိုပိုင်ဆိုင်ပါသည်။သစ်တောစီမံခန့်ခွဲမှုသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနMONREC အောက်ရှိ သစ်တောဦးစီးဌာန FD ၏ တာဝန်ဖြစ်ပါသည်။မြန်မာနိုင်ငံတွင် သစ်တောများကို နှစ် ၃၀ သစ်တောဘက်စုံပင်မ စီမံကိန်း ၂၀၀၁မှ၂၀၃၁၊ ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု ၁၀ နှစ် စီမံကိန်း ၊ နှစ်စဥ် သစ်တောလုပ်ငန်းဆောင်ရွက်မှု အစီအစဥ်များနှင့်အညီ စီမံဆောင်ရွက်လျှက် ရှိပါသည်။ အောက်ပါဇယားတွင်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနMONREC ၏ ဖွဲ့စည်းပုံကို ဖော်ပြထားပါသည်။
ကားချပ်- သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနMONREC ၏ ဖွဲ့စည်းပုံဇယား
သစ်တောဦးစီးဌာနFD နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ECD တို့သည် ပတ်ဝန်းကျင်ဆိုင်ရာ ကြီးကြပ်အုပ်ချုပ်မှုနှင့် စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အဓိက တာဝန်ယူဆောင်ရွက်နေသည့် မြန်မာနိုင်ငံ အစိုးရဌာန ၂ ခု ဖြစ်ပါသည်။သစ်တောဦးစီးဌာနသည် ၁၉၉၅ မြန်မာနိုင်ငံသစ်တောမူဝါဒမူဘောင်မှ သတ်မှတ်ထားသည့် သစ်တောထွက်ပစ္စည်းများ ထုတ်လုပ်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းတာဝန်များနှင့်အညီ နိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲများနှင့် သစ်တောရင်းမြစ်များ ကာကွယ်ရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် စဥ်ဆက်မပြတ် စီမံအုပ်ချုပ်ရေးတို့ကို အဓိကတာဝန်ယူဆောင်ရွက်နေသည့် အစိုးရဌာန ဖြစ်ပါသည်။
၂၀၁၂ တွင် တည်ထောင်ခဲ့သော အစိုးရဌာနသစ်တစ်ခုဖြစ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည် ရေရှည်တည်တံ့ခိုင်မြဲသော ပတ်ဝန်းကျင်ဖြစ်ပေါ်ရန်အတွက် ပတ်ဝန်းကျင် စီမံခန့်ခွဲရေးနှင့် ရေထု၊ လေထုနှင့် မြေထုအနှံ့ ညစ်ညမ်းမှု ထိန်းချုပ်ရေးတို့အပေါ် အလေးပေးလျှက် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ အကောင်အထည်ဖော်ဆောင်ရေးနှင့် အမျိုးသားရေရှည်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဥ်များတွင်ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များကို ပေါင်းစပ်ထည့်သွင်းရေးတို့ကို အဓိကတာဝန်ယူ ဆောင်ရွက်လျှက် ရှိပါသည်။
မြန်မာနိုင်ငံ ဒီရေတောဆိုင်ရာ ဥပဒေများ၊ မူဝါဒများနှင့် ညွှန်ကြားချက်များ
ပွင့်လင်းမြန်မာ ဖွံ့ဖြိုးတိုးတက်မှု OD Myanmarကနဦးလုပ်ငန်းစဥ်အဖွဲ့ ဝက်ဘ်ဆိုက်ပလက်ဖောင်း “သစ်တောမူဝါဒနှင့် ကြီးကြပ်အုပ်ချုပ်မှု” Forest Policy and Administrationကဏ္ဍ ဖော်ပြချက်အရ မြန်မာနိုင်ငံတွင် ကျင့်သုံးလျှက်ရှိသည့် ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဥ်းစည်းကမ်းနှင့် မဟာဗျူဟာမြောက် ဘက်စုံပင်မစီမံကိန်းများကို အောက်တွင် တွေ့မြင်နိုင်ပါသည်။အဆိုပါ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဥ်းစည်းကမ်းနှင့် မဟာဗျူဟာမြောက် ဘက်စုံပင်မစီမံကိန်းများထုတ်ပြန်ကျင့်သုံးခြင်းဖြင့် သစ်တောထွက်သယံဇာတများ စဥ်ဆက်မပြတ် ကြီးကြပ်စီမံနိုင်ရန်၊ သဘာဝ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်နှင့် ရာသီဥတုပြောင်းလဲမှုကို လျော့ပါးသက်သာစေရေးနှင့် လိုက်လျောညီထွေ တုန့်ပြန်ဖြေရှင်းရေး အစီအမံများမှတစ်ဆင့် ဖြေရှင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားပါသည်။ မြန်မာနိုင်ငံ ဒီရေတော ကာကွယ်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများနှင့်စည်းမျဥ်းစည်းကမ်းများတွင် ၂၀၀၈ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအပိုဒ် ၄၅ အရ နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု ဖော်ပြထားပြီးအပိုဒ် ၃၉၀ အရ နိုင်ငံသားတိုင်းသည် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ရှိသည် ဟုဖော်ပြထားပါသည်။ ထို့အပြင် သစ်တောဥပဒေ ၁၉၉၂40 နှင့်သစ်တောဆိုင်ရာ နည်းဥပဒေများ၁၉၉၅41၊နှင့်တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေ ၁၉၉၄ 42 နှင့်အမျိုးသား မြေအသုံးချမှုမူဝါဒ ၂၀၁၆၊မြန်မာနိုင်ငံအမျိုးသား ပတ်ဝန်းကျင်ရေးရာ မူဝါဒ ၂၀၁၉၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၂၀၁၉၊ ပြည်ထောင်စုလွှတ်တော်မှပြဌာန်းသည့် သစ်တောဥပဒေသစ် ၂၀၁၈၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ ၂၀၁၈နှင့်မြေထု၊ တောရိုင်းတိရိစ္ဆာန်များ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရန် အလေးမူထားသည့်ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်တို့ပါဝင်ပါသည်။
ကားချပ်- ဥပဒေပိုင်းဆိုင်ရာ ဆင့်ကဲပြောင်းလဲတိုးတက်မှုများ။ ရွေးကောက်ခံ အရပ်သား ပြည်သူ့အစိုးရလက်ထက်တွင် ပြဌာန်းခဲ့သည့် ဥပဒေများ။
သစ်တောဥပဒေများနှင့် မူဝါဒများ | ခုနှစ် |
မြန်မာနိုင်ငံ သစ်တောရေးရာ မူဝါဒ | 1995 |
ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ | 2012 |
အမျိုးသား မြေအသုံးချမှုမူဝါဒ | 2016 |
မြန်မာနိုင်ငံသစ်တောဥပဒေသစ် | 2018 |
ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ | 2018 |
မြန်မာနိုင်ငံအမျိုးသား ပတ်ဝန်းကျင်ရေးရာ မူဝါဒ | 2019 |
မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒ | 2019 |
ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက် | 2019 |
Open Development Myanmar , ၂၀၂၄ မှ ဖန်တီးထားပြီး CC BY SA 4.0 အောက်တွင် လိုင်စင်ထားသည်။
မြန်မာနိုင်ငံ သစ်တောရေးရာ မူဝါဒ၁၉၉၅43
ဂေဟစနစ် ပေါင်းစည်းမှုကို ခိုင်မာစေ၍ လူမှု၊ ပတ်ဝန်းကျင်နှင့် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များအတွက် သစ်တောထွက် သယံဇာတများကို စဥ်ဆက်မပြတ် ရေရှည်တည်တံ့စွာ ကြီးကြပ်စီမံနိုင်ရန်အလို့ငှာ သစ်တောမူဝါဒ၁၉၉၅ ကို ရေးဆွဲပြဌာန်းခဲ့ခြင်း ဖြစ်ပါသည်။ သစ်တောမူဝါဒ၆ချက်ရှိပြီး ၎င်းတို့မှာ သဘာ၀ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ခြင်း၊သစ်တောသယံဇာတ အရင်းအမြစ်များကို ထာ၀စဉ်တည်တံ့စေခြင်း၊ပြည်သူတို့၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း၊သစ်တောသယံဇာတများမှ စီးပွားရေး အကျိုးအမြတ်များအကောင်းဆုံးရရှိရေး စွမ်းဆောင်ရည်ကို တိုးတက်ကောင်းမွန်စေခြင်းနှင့်သစ်တောများ စီမံအုပ်ချုပ်ခြင်းနှင့်ဇီ၀မျိုးစုံမျိုးကွဲ ထိန်းသိမ်းကာကွယ်ရေးတွင် ပြည်သူလူထုပူးပေါင်း ပါ၀င်ဆောင်ရွက်လာစေခြင်းတို့ဖြစ်ပါသည်။မြန်မာနိုင်ငံ သစ်တောမူဝါဒသည် ပတ်ဝန်းကျင် စီမံကြီးကြပ်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတို့အကြား ထိန်းညှိဆောင်ရွက်နေသည့် အစိုးရ၏ ကတိကဝတ်နှင့် အခန်းကဏ္ဍကို ထင်ဟပ်ပေါ်လွင်စေပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ၂၀၁၂44
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေကို ၂၀၁၂ တွင် ပြဌာန်းခဲ့ပြီးမြန်မာနိုင်ငံပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဝါဒကိုအကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက်စဥ်ဆက်မပြတ် ဖွံ့ဖြိုးရေးလုပ်ငန်းစဥ်များတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များ စနစ်တကျ ပေါင်းစပ်ထည့်သွင်းဆောင်ရွက်ရန်၊ ကောင်းမွန်ပြီးသန့်ရှင်းသည့် ပတ်ဝန်းကျင် ဖြစ်ပေါ်လာစေရန်၊ အနာဂတ်မျိုးဆက်များ၏အကျိုးအတွက် သဘာဝနှင့် ယဥ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အဓိက ရည်ရွယ်ပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၂၀၁၂မှ အထက်ဖော်ပြပါ အခြေခံမူများနှင့်အညီ လုပ်ငန်းလမ်းညွှန်မှုများ ချမှတ်ထားပြီး နိုင်ငံတော်၏ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဥ်များကို ကြီးကြပ်ကွပ်ကဲနိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီတစ်ရပ် ဖွဲ့စည်းရန် အခွင့်အာဏာသတ်မှတ်ပေးထားပါသည်။
အမျိုးသား မြေအသုံးချမှုမူဝါဒ ၂၀၁၆45
၂၀၁၆ တွင် စတင် အကောင်အထည်ဖော်ဆောင်ခဲ့သည့် အမျိုးသား မြေအသုံးချမှုမူဝါဒသည် အမျိုးသားမြေဥပဒေ ပေါ်ထွက်လာနိုင်ရေးနှင့် လက်ရှိကျင့်သုံးနေသော ဥပဒေများနှင့် ဟန်ချက်ညီညီ ဖြစ်စေရေးတို့အပေါ် အလေးမူလျှက် မြို့ပြနှင့်ကျေးလက်ဒေသအားလုံးရှိ မြေအသုံးချမှုနှင့် မြေလုပ်ပိုင်ခွင့်တို့ကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန် အဓိက ရည်ရွယ်ပါသည်။ အမျိုးသား မြေအသုံးချမှုမူဝါဒ အကောင်အထည်ဖော်ဆောင်မှုများကို ကြီးကြပ်ကွပ်ကဲနိုင်ရန်အတွက် ဒုတိယသမ္မတ ၂ က ဥက္ကဌအဖြစ်၎င်း၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ်များက အဖွဲဝင်အဖြစ်၎င်း ပါဝင်သည့် “အမျိုးသားမြေအသုံးချမှုကောင်စီ” ကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပါသည်။ “အမျိုးသား မြေအသုံးချမှုကောင်စီ”သည် မြေအသုံးချမှုဆိုင်ရာမူဝါဒရည်မှန်းချက်များ ပြည့်မီစေခြင်း၊ မြေအသုံးချမှုနှင့် မြေလုပ်ပိုင်ခွင့်ချထားမှုဆိုင်ရာ ဆုံးဖြတ်ချက်များချမှတ်ခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းများအတွက် အဓိကတာဝန်ရှိသော အဖွဲ့အစည်း ဖြစ်ပါသည်။
မြန်မာနိုင်ငံသစ်တောဥပဒေသစ် ၂၀၁၈46
မြန်မာနိုင်ငံသစ်တောဥပဒေ ၁၉၉၂ တွင်ပါဝင်သည့် ပြစ်မှုနှင့်ပြစ်ဒဏ်များအပါအဝင် သစ်တောနယ်မြေစီမံခန့်ခွဲမှု၊ ထိန်းသိမ်းစောင့်ရှောက်မှု၊ ကာကွယ်မှုနှင့်ကြီးကြပ်အုပ်ချုပ်မှုဆိုင်ရာ အဓိကနယ်ပယ်များကိုခေတ်နှင့်အညီ မွမ်းမံပြင်ဆင်လျှက် ပိုမိုအားကောင်းသည့် အစီအမံများနှင့် စည်းမျဥ်းစည်းကမ်းများ ဖြည့်စွက်ထည့်သွင်းကာ မြန်မာနိုင်ငံသစ်တောဥပဒေသစ် ၂၀၁၈အဖြစ် ပြဌာန်းခဲ့ပါသည်။ မြန်မာနိုင်ငံသစ်တောဥပဒေသစ် ၂၀၁၈တွင် အခြေခံမူရည်ရွယ်ချက် ၉ ချက်နှင့်တကွ ကဏ္ဍအပိုဒ်ပေါင်း ၅၈ ခုကို အခန်းပေါင်း ၁၃ ခန်းဖြင့် ခွဲခြားဖော်ပြထားပါသည်။ အဆိုပါကဏ္ဍများတွင် သစ်တောရေးရာစီမံခန့်ခွဲခြင်း၊ သစ်တောနယ်မြေ၊ သစ်တောစိုက်ခင်းနှင့် သစ်အခြေခံအသုံးပြုသည့် စက်ရုံများ တည်ထောင်ခြင်းတို့နှင့်တကွ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ရပိုင်ခွင့်များ ပါဝင်ပါသည်။ ဤမြန်မာနိုင်ငံသစ်တောဥပဒေသစ် ၂၀၁၈က သစ်တောရေးရာ စီမံခန့်ခွဲမှုများတွင် ပြည်သူတို့၏ ပူးပေါင်းပါဝင်မှုနှင့် သစ်တောလုပ်ငန်းဖွံဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းစဥ်များတွင် ပုဂ္ဂလိကကဏ္ဍမှ ပါဝင်မှုနှင့် သဘာဝသယံဇာတများတိုးပွားလာစေရန်နှင့် ဒေသခံပြည်သူအစုအဖွဲ့ကိုလေ့ကျင့်ပညာပေးမှု စသည်တို့ကို အားပေးမြှင့်တင်ရန် စသည့် အခန်းကဏ္ဍများကို လွှမ်းခြုံဖော်ပြထားပါသည်။
ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ ၂၀၁၈47
ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ ၂၀၁၈ကိုတောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေ ၁၉၉၄နေရာတွင် အစားထိုး၍ ၂၀၁၈ မေတွင် ပြဌာန်းခဲ့ပါသည်။ ဤဥပဒေသည် ပူးတွဲစီမံခန့်ခွဲမှုလုပ်ငန်းစဥ်များမှတစ်ဆင့် ဒေသခံပြည်သူအစုအဖွဲ့၏ ပူးပေါင်းပါဝင်မှုကို အားပေးမြှင့်တင်ရန်၊ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ဥပဒေအရကာကွယ်ထားသည့်တောရိုင်းတိရိစ္ဆာန် မျိုးစိတ်များ CITES အစရှိသည့် နိုင်ငံတကာဆိုင်ရာ တာဝန်ဝတ္တရားနှင့်ကတိကဝတ်များကို ဖြည့်ဆည်းပံ့ပိုးရေးနှင့် ဥပဒေကြောင်းရာ ကျူးလွန်ဖောက်ဖျက်မှုများအပေါ် ပြစ်ဒဏ်များ တိုးမြှင့်ချမှတ်ရန်တို့အတွက် အဓိကရည်ရွယ်ပါသည်။အထူးသိသာထင်ရှားသည့်အချက်မှာ ဤဥပဒေတွင် “ဒေသခံပြည်သူအစုအဖွဲ့သဘာဝထိန်းသိမ်းရေးနယ်မြေများ” Community Protected Areasကို နယ်မြေအမျိုးအစားတစ်ရပ်အဖြစ် အသိအမှတ်ပြု ဖော်ပြထားခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသား ပတ်ဝန်းကျင်ရေးရာ မူဝါဒ ၂၀၁၉48
ထို့ ၂၀၁၉ တွင် ကျင့်သုံးခဲ့သော ဤမူဝါဒသည် မြန်မာနိုင်ငံ အမျိုးသား ပတ်ဝန်းကျင်ရေးရာ မူဝါဒ ၁၉၉၄ တွင်ပါရှိသော ပင်မတန်ဖိုးများဖြစ်သည့်ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပတ်ဝန်းကျင်ရေးရာ ကာကွယ်စောင့်ရှောက်မှုကို ပဓါနကျသောရည်မှန်းချက်အဖြစ် ထာဝစဥ်ထားရှိရမည် ဟူသည့် အချက်ကိုပင် ထပ်မံအတည်ပြုထားပါသည်။ ဤမူဝါဒသစ်တွင်ရေရှည်တည်တံ့ခိုင်မြဲသော သဘာဝသယံဇာတပစ္စည်းများကို ကာကွယ်ထိန်းသိမ်းရေးသည် နိုင်ငံတော်နှင့် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်ဟူသည့် အချက်ကိုလည်း အလေးပြုဖော်ပြထားပါသည်။အပြင် ဤမူဝါဒသည် မြန်မာ ၂၁ ရာစု အစီအစဥ် ၁၉၉၇၊ အမျိုးသားစဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ၂၀၀၉ တို့ကို ထပ်မံအတည်ပြုလျှက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၂၀၀၈ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၂၀၁၂ တို့တွင် ပြဌာန်းထားသည့်ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ဝတ္တရားများအပေါ်တွင်လည်း အခြေခံထားပါသည်။ထို့အပြင် အမျိုးသားဘက်စုံ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း၂၀၁၅ နှင့် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ၂၀၁၈ တို့တွင် ပါဝင်သော ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို ထပ်မံဖြည့်စွက်ထားသကဲ့သို့ ပါရီသဘောတူညီချက် ၂၀၁၅ အပါအဝင် အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင်ရေးရာ သဘောတူညီချက်များတွင် ပါဝင်သော မြန်မာနိုင်ငံ၏ ကတိကဝတ်များကိုလည်း အသိအမှတ်ပြု ထည့်သွင်းထားပါသည်။
မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒ၂၀၁၉49
မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒကို၂၀၁၉ တွင် အတည်ပြုကျင့်သုံးခဲ့ပြီး လက်ရှိနှင့် အနာဂတ်မျိုးဆက်များအတွက် ရေရှည်တည်တံ့၊ ကြွယ်ဝချမ်းသာ၍ အားလုံးပါဝင်ခွင့်ရသည့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော၊ ကာဗွန်ထုတ်လုပ်မှု လျော့နည်းသော လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းလာစေရန် ရည်မှန်းထားပါသည်။အဆိုပါမူဝါဒက ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေရေးနှင့် လျော့ချရေးအစီအစဥ်များကို အမျိုးသားအဆင့် ဦးစားပေးလုပ်ငန်းများနှင့် အလွှာစုံကဏ္ဍအားလုံးတို့၏ လုပ်ငန်းများတွင် အလေးထားပေါင်းစပ်ဆောင်ရွက်နိုင်ရန်အတွက် ရေရှည်လမ်းညွှန်မှုများကို ပံ့ပိုးဖြည့်ဆည်းပေးထားပါသည်။ထို့အပြင် ဤမူဝါဒကို စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ ကာကွယ်တားဆီးခြင်း၊ ပတ်ဝန်းကျင်၏ ပြည့်စုံကြွယ်ဝခြင်း၊ တာဝန်ကိုယ်စီခွဲဝေခြင်းနှင့် ပူးပေါင်းဆောက်ရွက်ခြင်း၊ အားလုံးပါဝင်ခြင်း၊ ကောင်းမွန်သောစီမံအုပ်ချုပ်ခြင်း၊ ရာသီဥတုဆိုင်ရာ သာတူညီမျှမှုနှင့် တရားမျှတမှုရှိခြင်းနှင့် ကျားမတန်းတူမှုရှိခြင်း စသည့် အခြေခံမူများဖြင့် လမ်းညွှန်မှု ပေးထားပါသည်။
ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်၂၀၁၉50
ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်အသစ်ကို သစ်တောဦးစီးဌာနက ၂၀၁၉ တွင် ထုတ်ပြန်ခဲ့ပါသည်။ ဤညွှန်ကြားချက်သည် ယခင် ၁၉၉၅ မူကို အစားထိုးပြီး အပိုဒ် ၂၁ မှ ၂၆ အထိ ထပ်မံဖြည့်စွက် ဖော်ပြထားသည့်အပြင် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောဆိုင်ရာ ရည်မှန်းချက်များနှင့် အဓိပ္ပါယ်သတ်မှတ်ချက်များကို ရှင်းလင်းတိကျစွာ ဖွင့်ဆိုထားပါသည်။ဤညွှန်ကြားချက်မူအသစ်ကဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများတည်ထောင်ခွင့်ကို သဘာဝထိန်းသိမ်းရေးနယ်မြေများရှိ ကြားခံနယ်မြေများ အပါအဝင် အခြားနယ်မြေဒေသအမျိုးများတွင် ထပ်မံခွင့်ပြုပေးထားသည့်အပြင် သစ်တောထွက်ပစ္စည်းများထုတ်လုပ်ခြင်းကို မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းများအတွက်သာမက အသေးစားမှ စီးပွားဖြစ်လုပ်ငန်းများအတွက်ပါ ဖြည့်ဆည်းပံ့ပိုးပေးထားပါသည်။ဤညွှန်ကြားချက်မူအသစ်တွင် မိတ်ဖက်လုပ်ကိုင်ခြင်း၊ ပူးပေါင်းပါဝင်ခြင်း နှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၊ တစ်ကြိမ်လျှင် အနှစ် ၃၀ အထိ အကြိမ်ကြိမ်သက်တမ်းတိုးနိုင်သည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုခြင်း၊ သစ်တောဦးစီးဌာနမှ လိုအပ်သော နည်းပညာနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာ အကူအညီများပေးခြင်းစသည့် အခြေခံမူများအပေါ်တွင် အလေးပြုဖော်ပြထားပါသည်။
ပေါက်ပွားရှင်သန်ရာနေရင်းဒေသနယ်မြေများဆုံးရှုံးမည့်အန္တရာယ် အဆိုးရွားဆုံး ခြိမ်းခြောက် ခံနေရသည့် မြန်မာနိုင်ငံ ဂေဟစနစ်များတွင် ဒီရေတောများသည် တစ်ခုအပါအဝင်ဖြစ်သော်လည်းအဆိုပါ ဂေဟစနစ်နယ်မြေများသည် နိုင်ငံအတွင်း ကျန်ရှိနေသေးသည့် သစ်တောနယ်မြေစုစုပေါင်း၏ ထက်ဝက်ကျော်နေရာယူထားနိုင်ပါသေးသည်။ အဆိုပါအနေအထားက ဤအလွန်အမင်းအရေးပါလှသည့် ဂေဟစနစ်နယ်မြေများကို ထိန်းသိမ်းရန် သိသာထင်ရှားသည့် အခွင့်အလမ်းများ ရှိနေသေးသည်ဟူသည့်အချက်နှင့် ကမ်းရိုးတန်းသဘာဝထိန်းသိမ်းရေးနယ်မြေများ သတ်မှတ်ထားရှိခြင်း၊ ငါးသားပေါက်မျိုးစုံနှင့်အခွံမာရေသတ္တဝါများကို အကာအကွယ်ပေးခြင်း၊ ကာဗွန်သိုလှောင်သိမ်းဆည်းမှုမြင့်တက်စေရန် ပံ့ပိုးဆောင်ရွက်ပေးခြင်း စသည့်ဂေဟစနစ်ဝန်ဆောင်မှုလုပ်ငန်းများ မရှိမဖြစ်လိုအပ်နေသည်ဟူသည့်အချက်ကို မီးမောင်းထိုးပြနေပါသည်။
References
- 1. သစ်တောဦးစီးဌာန-၂၀၂၀.မြန်မာနိုင်ငံရှိသစ်တောလုပ်ငန်း-၂၀၂၀.၂၀၂၄ခုနှစ်စက်တင်ဘာလတွင်အချက်အလက်ကိုရယူထားသည်။
- 2. AFoCO.2021.မြန်မာနိုင်ငံရှိသစ်တောများနှင့်သစ်တောလုပ်ငန်း – သစ်တောဆိုင်ရာဥပဒေ၊မူဝါဒနှင့်မဟာဗျူဟာများအပေါ်လေ့လာသုံးသပ်ချက်.၂၀၂၄ခုနှစ်စက်တင်ဘာလတွင်အချက်အလက်ကိုရယူထားသည်။
- 3. Megan Critchley သင်းသစ္စာကျော်-၂၀၂၃။ပြောင်းလဲနေသောမြန်မာ့ဒီရေတောများ-:လူ၊သဘာဝနှင့်ရာသီဥတုတို့အပေါ်သက်ရောက်မှုများ.၂၀၂၄ခုနှစ်စက်တင်ဘာလတွင်အချက်အလက်ကိုရယူထားသည်။
- 4. Christoph Zöcklerနှင့်ချယ်ရီအောင်-၂၀၁၉။ မြန်မာ့ဒီရေတောများ။ ၂၀၂၄ခုနှစ် စက်တင်ဘာလတွင် အချက်အလက်ကိုရ ယူထားသည်။
- 5. Eric Wikramanayake. (n.d.). မြန်မာ့ကမ်းရိုးတန်းဒီရေတောများ. ၂၀၂၄ခုနှစ် စက်တင်ဘာလတွင်အချက်အလက်ကိုရယူထားသည်။
- 6. UNDP သဘာဝတရား-၂၀၂၂။ မြန်မာ့ဒီရေတောများ. ၂၀၂၄ ခုနှစ် စက်တင်ဘာလ တွင်အချက်အလက်ကိုရယူထားသည်။
- 7. စံဝင်း၊SirintornthepTowprayoonနှင့်AmnatChidthisong.၂၀၂၀မြန်မာနိုင်ငံရှိဒီရေတောများအခြေအနေ၊၎င်းတို့၏ဂေဟစနစ်နှင့်ရာသီဥတုပြောင်းလဲမှု-ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကန်းရိုးတမ်းဇုံ အားလေ့လာ ဆန်းစစ်ချက်.၂၀၂၄ခုနှစ်စက်တင်ဘာလတွင်အချက်အလက်ကိုရယူထားသည်။
- 8. စံဝင်း၊SirintornthepTowprayoonနှင့်AmnatChidthisong-၂၀၂၀။ . မြန်မာနိုင်ငံရှိဒီရေတောများအခြေအနေ၊၎င်းတို့၏ဂေဟစနစ်နှင့်ရာသီဥတုပြောင်းလဲမှု – ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကန်းရိုးတမ်းဇုံအားလေ့လာဆန်းစစ်ချက်၂၀၂၄ခုနှစ်စက်တင်ဘာလတွင်အချက်အလက်ကိုရယူထားသည်။
- 9. Christoph Zöcklerနှင့်ချယ်ရီအောင်.၂၀၁၉။ မြန်မာ့ဒီရေတောများ။ ၂၀၂၄ခုနှစ် စက်တင်ဘာလ တွင်အချက်အလက်ကိုရယူထားသည်။
- 10. Christoph Zöcklerနှင့်ချယ်ရီအောင်-၂၀၁၉။ မြန်မာ့ဒီရေတောများ။ ၂၀၂၄ခုနှစ် စက်တင်ဘာလတွင် အချက်အလက်ကိုရ ယူထားသည်။
- 11. USGS.n.d.ဧရာဝတီမြစ်ဝှမ်းဒေသ၊မြန်မာနိုင်ငံ. ၂၀၂၄ခုနှစ် စက်တင်ဘာလ တွင် အချက်အလက် ကိုရယူထားသည်။
- 12. Megan Critchley နှင့်သင်းသစ္စာကျော်. ၂၀၂၃. ပြောင်းလဲနေသောမြန်မာ့ဒီရေတောများ-:လူ၊သဘာဝနှင့်ရာသီဥတုတို့အပေါ်သက်ရောက်မှုများ.၂၀၂၄ခုနှစ်စက်တင်ဘာလတွင်အချက်အလက်ကိုရယူထားသည်။
- 13. Global New Light Of Myanmar. ၂၀၂၁.ရခိုင်ပြည်နယ်တွင်ဒီရေတော၃၈၀,၀၀၀ဧကကျော်ကိုထိန်းသိမ်းထားသည်။၂၀၂၄ခုနှစ်စက်တင်ဘာလတွင်အချက်အလက်ကိုရယူထားသည်။
- 14. Christoph Zöcklerနှင့်ချယ်ရီအောင်- ၂၀၁၉။ မြန်မာ့ဒီရေတောများ။ ၂၀၂၄ခုနှစ် စက်တင်ဘာလ တွင်အချက်အလက်ကိုရယူထားသည်။
- 15. Nicholas J. Murray နှင့် David A. Keith, et al. ၂၀၂၀။. ခြိမ်းခြောက်ခံနေရသောမြန်မာ့ဂေဟစနစ်များ-IUCN Red ဂေဟစနစ်များစာရင်းကိုအကဲဖြတ်လေ့လာမှုတစ်ခု ၂၀၂၄ခုနှစ်စက်တင်ဘာလတွင်အချက်အလက်ကိုရယူထားသည်။
- 16. Christoph Zöcklerနှင့်ချယ်ရီအောင်- ၂၀၁၉။ မြန်မာ့ဒီရေတောများ။ ၂၀၂၄ခုနှစ်စက်တင်ဘာလတွင်အချက်အလက်ကိုရယူထားသည်။
- 17. Megan Critchleyနှင့်သင်းသစ္စာကျော်.၂၀၂၃.ပြောင်းလဲနေသောမြန်မာ့ဒီရေတောများ-: လူ၊သဘာဝနှင့်ရာသီဥတုတို့အပေါ်သက်ရောက်မှုများ.၂၀၂၄ခုနှစ် စက်တင်ဘာလတွင်အချက်အလက်ကိုရယူထားသည်။
- 18. Nicholas J. Murray နှင့် David A. Keith, et al. ၂၀၂၀။. ခြိမ်းခြောက်ခံနေရသောမြန်မာ့ဂေဟစနစ်များ- IUCN Red ဂေဟစနစ်များစာရင်း ကိုအကဲဖြတ် လေ့လာမှုတစ်ခု၂၀၂၄ခုနှစ် စက်တင်ဘာလတွင် အချက်အလက်ကိုရ ယူထားသည်။
- 19. Daniel R. Richardsနှင့် Daniel A. Friess. ၂၀၁၅။ အရှေ့တောင်အာရှတွင်ဒီ ရေတောပြုန်းတီးမှုနှုန်းနှင့် ပြုန်းတီးမှု ကိုဖြစ်ပေါ်စေသောအချက်များ။၂၀၀၀-၂၀၁၂။ ၂၀၂၄ခုနှစ် စက်တင်ဘာလတွင် အချက်အလက်ကိုရ ယူထားသည်။
- 20. Frontier. 2023. ဒီရေတောများပြန်လည်ထူထောင်ခြင်းသည် ဒေသခံပြည်သူများနှင့် ကမ္ဘာကြီး ကို အထောက်အပံ့ ဖြစ်စေသည်။
- 21. Daniel R. Richardsနှင့် Daniel A. Friess. ၂၀၁၅။.အရှေ့တောင်အာရှတွင်ဒီရေတော ပြုန်းတီးမှု နှုန်းနှင့်ပြုန်းတီးမှုကိုဖြစ်ပေါ်စေသောအချက်များ။ ၂၀၀၀-၂၀၁၂။ ၂၀၂၄ခုနှစ် စက်တင်ဘာလတွင် အချက်အလက်ကိုရယူထားသည်။
- 22. Christoph Zöcklerနှင့် ချယ်ရီအောင်-၂၀၁၉။မြန်မာ့ဒီရေတောများ။ ၂၀၂၄ခုနှစ် စက်တင်ဘာလတွင်အချက်အလက်ကိုရယူထားသည်။
- 23. Daniel R. Richards နှင့် Daniel A. Friess. ၂၀၁၅။ အရှေ့တောင်အာရှ တွင်ဒီ ရေတောပြုန်းတီးမှုနှုန်း နှင့် ပြုန်းတီးမှုကို ဖြစ်ပေါ်စေသော အချက်များ။၂၀၀၀-၂၀၁၂။ ၂၀၂၄ခုနှစ် စက်တင်ဘာလတွင်အချက်အလက်ကိုရယူထားသည်။
- 24. BNI. ၂၀၂၂။ မြန်မာ့လျှပ်စစ်မီးကြောင့် ရခိုင်ပြည်နယ်ရှိ ဒီရေတောများပြုန်တီးမှုဖြစ်စေသည်။၂၀၂၄ခုနှစ် စက်တင်ဘာလတွင်အချက်အလက်ကိုရယူထားသည်။
- 25. Christoph Zöcklerနှင့်ချယ်ရီအောင်-၂၀၁၉။ မြန်မာ့ ဒီရေတောများ။၂၀၂၄ခုနှစ်စက်တင်ဘာလတွင်အချက်အလက်ကိုရယူထားသည်။
- 26. Christoph Zöckler နှင့်ချယ်ရီအောင်-၂၀၁၉။ မြန်မာ့ဒီရေတောများ။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ တွင်အချက်အလက်ကိုရယူထားသည်။.
- 27. UN-REDD အစီအစဉ်၂၀၂၂။ မြန်မာနိုင်ငံရှိဒီရေတော ဂေဟစနစ်နှင့်ဇီဝမျိုးကွဲများကိုဆန်းစစ်လေ့လာရန်အတွက်ရွေးချယ်စရာများ. ၂၀၂၄ခုနှစ် စက်တင်ဘာလ တွင်အချက်အလက်ကိုရယူထားသည်။
- 28. Ibid.
- 29. Megan Critchley နှင့် သင်းသစ္စာကျော်တို့ ရေးသားသည့် “မြန်မာနိုင်ငံ၏ပြောင်းလဲနေသည့် ဒီရေတောများ ၂၀၂၃ အစီရင်ခံစာ။ ပတ်ဝန်းကျင်၊ လူထုနှင့် ရာသီဥတုအပေါ် သက်ရောက်မှုများ”၊ ၂၀၂၄ စက်တင်ဘာတွင် ဝင်ရောက်အချက်အလက် ရယူထားပါသည်။2023. Myanmar’s changing mangroves: Implications for nature, people and climate.
- 30. သောင်းနိုင်ဦးရေးသားသည့် ” မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသော သစ်တောစီမံခန့်ခွဲမှု ၂၀၁၉ အစီရင်ခံစာ”။၂၀၂၄ စက်တင်ဘာတွင် ဝင်ရောက်အချက်အလက် ရယူထားပါသည်။Sustainable Forest Management in Myanmar
- 31. အာရှ သစ်တောဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (AFoCO) မြန်မာနိုင်ငံဆိုင်ရာ အကြောင်းအရာနှင့် ဆက်စပ်နေသော အချင်းအရာများ ၂၀၂၂ မူကြမ်းMyanmar Country Profile and Context: Working draft 2022
- 32. ကုလသမဂ္ဂ REDD အစီအစဥ် “မြန်မာနိုင်ငံ ဒီရေတော စီမံချက်”၂၀၂၄ စက်တင်ဘာတွင် ဝင်ရောက်အချက်အလက် ရယူထားပါသည်။ Myanmar Mangroves Projects.
- 33. Christoph Zöcklerနှင့် ချယ်ရီအောင်တို့ရေးသားသည့် “မြန်မာ့ဒီရေတောများ ၂၀၁၉ အစီရင်ခံစာ”၂၀၂၄ စက်တင်ဘာတွင် ဝင်ရောက်အချက်အလက် ရယူထားပါသည်။The Mangroves of Myanmar.
- 34. သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်အတွင်းရှိ သဘာဝထိန်းသိမ်းရေးနယ်မြေ၂၀၂၄။၂၀၂၄ စက်တင်ဘာတွင် ဝင်ရောက်အချက်အလက် ရယူထားပါသည်။Protect Area in Tanintharyi Region Myeik District.
- 35. Christoph Zöcklerနှင့် ချယ်ရီအောင်တို့ရေးသားသည့် “မြန်မာ့ဒီရေတောများ ၂၀၁၉ အစီရင်ခံစာ”၂၀၂၄ စက်တင်ဘာတွင် ဝင်ရောက်အချက်အလက် ရယူထားပါသည်။The Mangroves of Myanmar.
- 36. Ibid.
- 37. သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၂၀၁၈“မြန်မာနိုင်ငံ သစ်တောလုပ်ငန်း ၂၀၂၀ အစီရင်ခံစာ”၂၀၂၄ စက်တင်ဘာတွင် ဝင်ရောက်အချက်အလက် ရယူထားပါသည်။“Forestry in Myanmar 2020.”
- 38. ကုလသမဂ္ဂ UN-REDD ၂၀၂၂ အစီအစဥ်“မြန်မာနိုင်ငံ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဒီရေတောဂေဟစနစ် ဝန်ဆောင်မှုဆိုင်ရာ ပိုင်းခြားစိစစ်ရွေးချယ်ခွင့်များ” Options for Analysing Mangrove Ecosystem Services and Biodiversity in Myanmar. ၂၀၂၄ စက်တင်ဘာတွင် ဝင်ရောက် အချက်အလက် ရယူထားပါသည်။
- 39. Ibid.
- 40. သစ်တောရေးရာ ဝန်ကြီးဌာန “မြန်မာနိုင်ငံသစ်တောဥပဒေ ၁၉၉၂”၂၀၂၄ စက်တင်ဘာတွင် ဝင်ရောက် အချက်အလက် ရယူထားပါသည်။The Forest Law (1992)
- 41. သစ်တောရေးရာ ဝန်ကြီးဌာန “မြန်မာနိုင်ငံသစ်တောရေးရာ မူဝါဒ ၁၉၉၅”Myanmar Forest Policy 1995.
- 42. နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ “တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေ ၁၉၉၄”The Protection of Wildlife and Conservation and Protection of Natural Areas Law (1994).
- 43. သစ်တောရေးရာ ဝန်ကြီးဌာန “မြန်မာနိုင်ငံသစ်တောရေးရာ မူဝါဒ ၁၉၉၅”Myanmar Forest Policy 1995.
- 44. ပြည်ထောင်စုလွှတ်တော် “ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ ၂၀၁၂”The Environmental Conservation Law 2012.
- 45. အမျိုးသား မြေယာခွဲဝေဆောင်ရွက်မှု စိစစ်ဆောင်ရွက်ရေး ဗဟိုကော်မတီ“အမျိုးသား မြေအသုံးချမှု မူဝါဒ ၂၀၁၆” National Land Use Policy.
- 46. [ရည်ညွှန်း] သစ်တောရေးရာ ဝန်ကြီးဌာန “မြန်မာနိုင်ငံ သစ်တောဥပဒေသစ် ၂၀၁၈”၂၀၂၄ သြဂတ်စ်လတွင် ဝင်ရောက် အချက်အလက် ရယူထားပါသည်။Forest Law 2018.
- 47. ပြည်ထောင်စုလွှတ်တော် ၂၀၁၈ “ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ”၂၀၂၄ စက်တင်ဘာတွင် ဝင်ရောက် အချက်အလက် ရယူထားပါသည်။The Conservation of Biodiversity and Protected Areas Law.
- 48. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ၂၀၁၉“မြန်မာနိုင်ငံအမျိုးသား ပတ်ဝန်းကျင်ရေးရာ မူဝါဒ”၂၀၂၄ စက်တင်ဘာတွင် ဝင်ရောက် အချက်အလက် ရယူထားပါသည်။National Environmental Policy of Myanmar 2019.
- 49. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ“မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒ၂၀၁၉”၂၀၂၄ စက်တင်ဘာတွင် ဝင်ရောက် အချက်အလက် ရယူထားပါသည်။Myanmar Climate Change Policy 2019.
- 50. သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန “ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက် ၂၀၁၉” ၂၀၂၄ စက်တင်ဘာတွင် ဝင်ရောက် အချက်အလက် ရယူထားပါသည်။Community Forestry Instructions (2019).